ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံမွမ်းမံတည်ဆောက်ရေး လုပ်ငန်းများအတွက် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ ကျင်းပ

ရန်ကုန်   ၂၂   နိုဝင်ဘာ

 

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်းအနီး၌ တည်ထားကိုးကွယ်လျက်ရှိသော ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံမွမ်းမံ တည်ဆောက်ရေး လုပ်ငန်းများအတွက် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ)၌ ကျင်းပသည်။

 

အခမ်းအနားတွင် အလှူရှင်ဖြစ်သည့် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ၁၃ ရပ်ကွက် ဓမ္မာရုံလမ်းနေ သီဟသုဓမ္မသိင်္ဂီ ဒေါ်ခင်ညွန့်က ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံမွမ်းမံတည်ဆောက်ရေး လုပ်ငန်းများအတွက် အလှူတော်ငွေ ငွေကျပ်သိန်း ၂၀၀ ကို ပေးအပ်လှူဒါန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားသည်။

 

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ထာဝရငြိမ်းချမ်းရေးဖြစ်သော မြတ်နိဗ္ဗာန်ချမ်းသာကို ရရှိနိုင်စေရန်နှင့် နိုင်ငံတော်ကြီး ထာဝရငြိမ်းရေးရရှိစေရန် ရည်သန်လျက် နိုင်ငံသူနိုင်ငံသားများအနေဖြင့် ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံမွမ်းမံတည်ဆောက်ရေး လုပ်ငန်းများအတွက် ကုသိုလ်ယူ ပါဝင်လှူဒါန်းနိုင်ပါရန် နှိုးဆော်ထားကြောင်း သိရသည်။

 

 (သတင်းစဉ်)