ထီးလင်းမြို့နယ်၌ မျိုးစေ့ထုတ်လုပ်ရန် ဆင်းသုခစပါး ဧက ၂၀၀ စိုက်ပျိုးမည် 

ထီးလင်း ၅  ဩဂုတ် 

 

ထီးလင်းမြို့နယ်တွင် ဆင်းသုခစပါးကို မျိုးစေ့ထုတ်စပါးအဖြစ် ဧက ၂၀၀ စိုက်ပျိုးရန် လျာထားကြောင်းနှင့် အဆိုပါစပါးမျိုးကို အကြည်ဝါးဘင်းကျေးရွာ၌ ဧက(၂၀၀) စိုက်ပျိုးမည်ဖြစ်ကာ (၈၅) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

 

အဆိုပါ စိုက်ပျိုးထားရှိသည့် လယ်မြေများသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိ သူများသည် ယနေ့နံနက်တွင် သွားရောက်ကွင်းဆင်းကြည့်ရှုကြလျက် စိုက်စနစ်မှန်ကန် မှုရှိမရှိ စစ်ဆေးကြကာ ပိုးမွှားအန္တရာယ်ကာကွယ်ရေး ၊ မြေသြဇာ စနစ်တကျကျွေးနိုင်ရေးတို့ကို စိုက်ပျိုးသူ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးကြသည်။

 

ဆင်းသုခမျိုးစေ့ထုတ် စပါးသက်တမ်း မှာရက်ပေါင်း (၁၄၅) ရက် ခန့်ကြာမြင့်ပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် တင်း(၁၀၀) ကျော်ထွက်ရှိ နိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စံကွက်မှတ်တမ်းများအရ သိရသည်။ 

 

တောင်သူများအနေဖြင့် မျိုးစေ့၊ မျိုးကောင်း၊ မျိုးသန့်များကို ဈေးနှုန်း ချိုသာစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်စေရန်၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးခြင်းကြောင့်စပါး အထွက်နှုန်း များတိုးတက်လာစေရန် အတွက် စိုက်ပျိုးခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းကို ဂန့်ဂေါခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးကျော်မင်းသန်း ထီးလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးခင်မောင်ထူး တို့နှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

အေလေးငယ်