ထီးတော်တင်လှူပူဇော်ပွဲနှင့် အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ အဆောက်အဦအသစ် ဖွင့်ပွဲကျင်းပ

ထားဝယ် ၁၃ ဇန်နဝါရီ 

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ညောင်ရမ်းတောင်ရပ်၊ မြို့ပတ်လမ်း၊ သာသနာ့ဗိမာန်အနီးရှိ တည်ထားကိုးကွယ် သော  ဦးတိုက်စေတီတော်(၂)ဆူအား ထီးတော်တင်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၆ နာရီက ကျင်းပသည်။

 

ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်နှင့် အလှူရှင်များက (၁၀ဝ) ကျပ်အသင်းမှ လှူဒါန်းသော ထီးတော်အား ဦးတိုက်စေတီတော်(၂)ဆူတွင် ထီးတော် တင်လှူဇော်ပြီး သံဃာတော် အရှင်သူမြတ်များက ဘုရားအနေကဇာတင်ပူဇော်သည်။

 

111

 

ထိုနောက် (၁၀ဝ) ကျပ်အသင်းမှ လှူဒါန်းသော ဇဗ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ အဆောက်အဦအသစ်ရုံး ဖွင့်ပွဲအခမ်အနားကို ဆက်လက်ကျင်းပရာ ဇေယျဝတီကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသူရိယ နှင့် ဃောသိတာရာမပါဋိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဦးပညာသာမတို့က အဆောက်အဦသစ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ယိုးဒယားကျောင်းဆရာတော် ဦးသြဘာသနှင့် သရက်ပင်ကျောင်းဆရာတော် ဦးပညာဝံသ တို့က  ကဗျည်းမော်ကွန်းကျောက်စာအား စက်ခလုတ် နှိပ်ဖွင့်လှစ်ပေး၍ အမွှေးနံ့သာရည်ပက်ဖြန်းပေးသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ဇဗ္ဗူသီရိအရေးပေါ်လူနာကူညီ သယ်ဆောင်ရေးအဖွဲ့အတွက် လှူဒါန်းငွေကျပ်(၃)သိန်းကို လှူဒါန်းရာ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က လက်ခံယူပြီး (၁၀ဝ) အသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ အသင်းသူ/အသင်းသားများကိုယ်စား ဦးရန်နိုင်အောင်က  လက်ခံယူသည်။

 

111

 

၄င်းနောက် တက်ရောက်လာကြသူများက သံဃာတော်အရှင်သူမြတ်များအား ငွေဆွမ်းလောင်းလှူပြီး၊ သာသနာ့ဗိမာန်တော်၌ ဆရာတော် ဦးကဝိန္ဒာစာရထံမှ ငါးပါးသီလခံယူဆောက်တည်၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချ အမျှပေးဝေကာ ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

အဆိုပါအခမ်းအနားသို့ ဇေယျဝတီကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသူရိယ ပါသံဃာတော်အရှင်သူမြတ်(၉၀)ပါး၊ ဇဗ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်နှင့် အဖွဲ့ဝင်များ၊ ထားဝယ်ခရိုင်အတွင်းရှိ ပရဟိတအဖွဲ့များမှ တာဝန်ရှိသူများ၊ (၁၀ဝ)အသင်းမှ အသင်းသား/အသင်းသူများ၊ အလှူရှင်များ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သတင်းရရှိသည်။

 

MDN

 

222