ထိုင်းခရီးသွားလုပ်ငန်းမှာဆင်တွေက  အဓိကအခန်းကဏ္ဍကနေ ပါဝင်နေ

၂၄ ဒီဇင်ဘာ

ထိုင်းနိုင်ငံ အရှေ့ပိုင်းရှိ ဘန်တကလန် ကျေးရွာမှာ ဆင်လေ့ကျင့်ရေးစခန်းရှိပါတယ်။ အဲဒီစခန်းမှာ အသက်နှစ်နှစ်အရွယ် ပိုလီအမည်ရှိ ဆင်ပေါက်မလေးဟာ သင်ကြားရလွယ်တယ်လို့ ဆင်ဦးစီး ချန်ရင်က ပြောပါတယ်။ 

ဆင်ပေါက်မလေး ပိုလီကို သူ့မိခင်နဲ့ ခွဲထားပြီး၊ ရိုက်နက်ခြင်းနဲ့ လပေါင်းများစွာ ပိတ်လှောင်ထားခဲ့ပါတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် အမိန်နာခံအောင် လေ့ကျင့်ခြင်းဖြစ်ပါတယ်။ ဆင်စခန်းတွေမှာ လာရောက် လည်ပတ်သူဦးရေ တစ်နှစ်လျှင် သန်းချီပြီးရှိနေပါတယ်။ ထိုင်းနိုင်ငံရဲ့ နိုင်ငံကိုယ်စားပြု တိရိစ္ဆာန်ဖြစ်တဲ့ ဆင်တွေဟာ ဆင်စခန်းတွေမှာ အားကစားလုပ်ပြခြင်း၊ ကခုန်ခြင်းနဲ့ ပန်းချီဆွဲပြခြင်းတွေနဲ့ လာရောက်လည်ပတ်သူတွေကို ဖျော်ဖြေလေ့ရှိပါတယ်။  

ဆင်ဦးစီး ချန်ရင်က ဆင်လေးတွေကို လေ့ကျင့်ပေးရာမှာ မိသားစုဝင် တစ်ယောက်လို ဆက်ဆံပါတယ်။ သူတို့သာ ခေါင်းမမာဘူး။ ပြောစကားနားထောင်မယ်ဆိုရင် ဘာမှမလုပ်ပါဘူး။ ချွန်းတို့ ဓါးတို့ ကိုင်ဆောင်ထားတယ် ဆိုတာကလည်း  ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ရန်အတွက်သာဖြစ်ပါတယ်။ တကယ်လို့ ဆင်ဦးစီးတွေမှာ အန္တရာယ်ကျရောက်ပြီဆိုရင် အဲဒါတွေကိုအသုံးပြုသလို၊ လူအုပ်ထဲဆင်က ဝင်ပြေးပြီဆိုရင် သူတို့ရပ်တန့်သွားအောင် လုပ်ဆောင်ဖို့အတွက်သာ အသုံးပြုတယ်လို့ ပြောပါတယ်။ 

အခုလေ့ကျင့်နေတဲ့ ဆင်မလေး ပိုလီဟာ နောက်သုံး၊ လေးလ ဆိုရင် ထိုင်းနိုင်ငံရှိ ဆင်စခန်းတစ်ခုကို သွားရတော့မှာ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံမှာ ဆင်တွေကို သစ်ထုတ်လုပ်ရေးမှာ လွန်ခဲ့တဲ့အနှစ် ၃၀ ခန့်က အသုံးပြုခဲ့ပေမယ့် အခုချိန်မှာ ဆင်တွေကို အသုံးမပြုတော့တဲ့အတွက် ဆင်ဦးစီးတွေ အလုပ်လက်မဲ့ဖြစ်ကုန်ပါတယ်။ အဲဒီလို အခြေအနေမှာ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို ပိုမိုစိတ်ဝင်စားလာအောင် အပန်းဖြေစခန်းတွေမှာ ဆင်စီးနိုင်ခြင်း ဝန်ဆောင်မှုနဲ့အတူ ဆင်တွေရဲ့ ဖျော်ဖြေမှုတွေပါ လုပ်ဆောင်လာတာဖြစ်ပါတယ်။ 

ယဉ်ပါးတဲ့ ဆင်တစ်ကောင်ရဲ့ ဝင်ငွေဟာ  အမေရိကန်ဒေါ်လာ ၈၀,၀၀၀ နီးပါးအထိ ရှိနေတာကို တွေ့ရပါတယ်။ နိုင်ငံရဲ့မြောက်ပိုင်း ချင်းမိုင်မြို့ရှိ  မယ့်တန် ပန်းခြံရှိ ဆင်စခန်းဝင်ကြေးဟာ တစ်ယောက်လျှင် အမေရိကန် ဒေါ်လာ ၅၀ ပေးရပြီး၊ တစ်နေ့ကို  လာရောက်လည်ပတ်သူ ၅၀၀၀ ခန့်ရှိကြောင်း သိရပါတယ်။ ဆင်ရေးဆွဲထားတဲ့ ပန်းချီကား တစ်ချပ်လျှင် အမေရိကန်ဒေါ်လာ ၁၅၀ တန်ကြေးရှိပါတယ်။ 

ထိုင်းနိုင်ငံတွင် ဆင်စခန်းပေါင်း ၂၂၀ ရှိပြီး ဖမ်းဆီးထားတဲ့ ဆင်ကောင်ရေ ၄,၀၀၀ နီးပါးရှိပါတယ်။ ၂၀၁၉ ခုနှစ် အတွက် ထိုင်းနိုင်ငံကို လာရောက်လည်ပတ်သူ ၃၈ သန်းကျော်ရှိကြောင်း သိရပါတယ်။ 

MDN
ကိုးကားAFP