ထိုင်းနိုင်ငံ ချွန်ဖွန်းခရိုင်နှင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကုန်သွယ်မှုမြှင့်တင်ရေး စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲ မြိတ်မြို့၌ ကျင်းပ

မြိတ် ၂၂ ဖေဖော်ဝါရီ

 

ထိုင်းနိုင်ငံ ချွန်ဖွန်းမြို့မှ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ လေကြောင်းခရီးစဉ် အစီအစဉ်ဖြင့် ချွန်ဖွန်းဒေသနှင့် မြိတ်ဒေသရှိ အသေးစားအလတ်စား ထုတ်ကုန်များ၊ ကုန်စည်ဖလှယ်ခြင်းလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းက မြိတ်မြို့ Grand Jade Hotel အစည်းအဝေးခန်းမတွင် စီးပွားရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

 

ဆွေးနွေးပွဲတွင် မြိတ်-ချွန်ဖွန်း လေကြောင်းလိုင်းပြေးဆွဲနိုင်ရေး၊ ကြက်မောက်၊ ဒူရင်း၊ လိုင်ချီးသီး စိုက်ပျိုးရေးလုပ်ငန်း၊ ရေထွက်ပစ္စည်းများ လေကြောင်းလိုင်းဖြင့် ပို့ဆောင်နိုင်ရေး၊ ခရီးသွားလုပ်ငန်း၊ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ဆေးဝါးလုပ်ငန်း၊ ရွှေလုပ်ငန်း၊ မြိတ်မြို့နှင့် ချွန်ဖွန်းမြို့တို့တွင် ဈေးရောင်းပွဲတော် ကျင်းပနိုင်ရေး၊ နှစ်နိုင်ငံကုန်စည်ဖလှယ်ရေး၊ နှစ်နိုင်ငံ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍတို့ကို ဆွေးနွေးခဲ့ကြသည်။

 

8

 

မြိတ်မြို့ဟာ စီးပွားရေးကို အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မောတောင်နယ်စပ် ထိုင်းနိုင်ငံ ပရာကျွတ်မြို့ ဆင်ခွန်းဂိတ်မှ နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍအနေနဲ့ ဆောင်ရွက်နေတာရှိပါတယ်။ အခုလို ချွန်ဖွန်းမှ ထပ်ဆင့်ပြီးတော့ ကုန်သွယ်မှုလမ်းကြောင်း ပိုမိုတိုးမြှင့်လာမယ်ဆိုရင် မြိတ်မြို့ဟာ အင်မတန်မှ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီးတော့ အာဆီယံကို ပြန်လည်ပြီးတော့ ထုတ်ကုန်ပစ္စည်းတွေကို တင်ပို့နိုင်တဲ့ တနည်းအားဖြင့် AEC ASEAN Economic Community အသိုင်းအဝိုင်းကိုပါ အကောင်အထည်ဖော် ဆောင်ရွက်နိုင်တဲ့ အခွင့်အလှမ်းတွေ များစွာတည်ဆောက်လာနိုင်မှာ ဖြစ်ပါတယ် ဟု  စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဉီးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဦးဖြိုးဇာနည်ဝင်းက ပြောသည်။

 

တွေ့ဆုံဆွေးနွေးပွဲတွင် ချွန်ဖွန်းခရိုင် ကုန်သည်ကြီးများအသင်း ခေါင်းဆောင် Mr. Paiboon Limlertvatee က နှုတ်ခွန်းဆက်စကားပြောကြားပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဉီးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများက တစ်ဉီးချင်းမိတ်ဆက်စကား ပြောကြားခဲ့ကြပြီး စီးပွားရေးလုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

2

 

ဆက်လက်၍ နှစ်နိုင်ငံ အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် လဲလှယ်ခဲ့ကြပြီး ဆွေးနွေးပွဲသို့ မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ညီနောင်အသင်းအဖွဲ့များမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ စုစုပေါင်း (၃၀)ကျော်နှင့် ထိုင်းနိုင်ငံ ချွန်ဖွန်းခရိုင် ကုန်သည်ကြီးများအသင်းမှ စီးပွားရေးလုပ်ငန်းရှင် စုစုပေါင်း (၁၃)ဉီး တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)