ထိုင်ဝမ်ဆီးပင် အသီးသီးနှုန်း ကောင်းမွန်စေရန် အားထားလုပ်ဆောင်

စဉ့်ကိုင် ၂၂ စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်တွင် ထိုင်ဝမ်ဆီးပင်များ စီးပွားဖြစ်စိုက်ပျိုးမှု များပြားလျက်ရှိရာ ထိုင်ဝမ်ဆီးသီး အသီးသီးနှုန်း ကောင်းမွန်စေရန် ရေတင်ခြင်း၊ ဝါးငြမ်းဆင်ခြင်းများ စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

တစ်ခါစိုက်ပျိုးပြီးသည်နှင့် နှစ်စဉ်စားသုံးရသော အပင်များထဲတွင် ထိုင်ဝမ်ဆီးပင်လည်း ပါဝင်သည်။ ယခင်စိုက်ပျိုးပြီးသား ဆီးသီးပင်များကိုပင် လက်ရှိကာလတွင် ထိုင်ဝိုင်ဆီးသီးမျိုးများကို ထစ်ရှုးမျိုးပွားနည်းစနစ်ဖြင့် ကိုင်းကူးလေ့ရှိသည်။ နောက်ပိုင်းစိုက်သည့် ဆီးသီးပင်များကိုမူ ထိုင်ဝမ်ဆီးသီး မျိုးကောင်းများကိုသာ ရွေးချယ်စိုက်ပျိုးလာကြသည်။

ထိုင်ဝမ်ဆီးသီးပင်များ အသီးသီးနှုန်း ကောင်းမွန်စေရန်အတွက် အဆင့်ဆင့် ပြုပြင်ယူရသည်။ ထိုင်ဝမ်းဆီးသီး အသီးတုန်းချိန်(ရာသီကုန်ချိန်) ဇွန်လထဲတွင် အပင်ရှိကိုင်းများကို ခုတ်လေ့ရှိသည်။ ကြားကာလတွင် ဆီးပင်များအကြား ပေါင်းဝင်ခြင်းများ ပြုလုပ်ပေးရသည်။ မိုးခေါင်ပါက ရေတင်ပေးခြင်း ပြုလုပ်ပေးကြရသည်။ မိုးကောင်းပါက အလိုက်အသင့်ပြုပြင်ပေးကြသည်။ ဆီးပင်များတွင် အဓိကအားဖြင့် ကြက်ချေးများကို မြေသြဇာအဖြစ် အဓိကထားကျွေးပေးကြရသည်။ မိုးမရွာပါက တစ်လလျှင် နှစ်ခါခန့်ရေစက်ဖြင့် ရေတင်ပေးကြရသည်။

မန္တလေးမြို့အနီးရှိ ထိုင်ဝမ်ဆီးသီးခြံများ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဆီးခြံအများစုမှာ သြဂုတ်လနှင့် စက်တင်ဘာလများတွင် ဝါးငြမ်းများကို ထိုးပေးကြရသည်။ ဆီးပင်၏ အခက်ဖြာသည့်အပေါ် မူတည်ကာ ဝါးငြမ်းနှစ်ငြမ်းမှ သုံးငြမ်းအထိ ထိုးပေးကြရသည်။ ဆီးပွင့်သည့်ကာလတွင် အထူးဂရုစိုက်ပေးလေ့ရှိသည်။ အပင်အားပေး အသီးအားပေးဆေးများကိုလည်း လိုအပ်သလို ဖျန်းပေးကြသည်။ ဆီးပင်များမှ အောက်တိုဘာလနှင် နိုဝင်ဘာလများတွင် အသီးကင်းများ လှိုင်သည့်ကာလပင်ဖြစ်သည်။ အပင်လေးရာခန့်ရှိသော ထိုင်ဝမ်ဆီးသီးခြံတစ်ခြံတွင် ပထမငြမ်းထိုးရန်အတွက် တစ်နေ့လျှင်လူ (၃၀)ခန့် အသုံးပြုကာ ဂရုတစိုက်ပြုလုပ်ပေးရသည်။ လုပ်သားအင်အားများစွာ အသုံးပြုရသည်။ လက်ရှိကာလတွင် ထိုင်ဝမ်းဆီးသီး အသီးသီးနှုန်း ကောင်းမွန်စေရန်  စနစ်တကျ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

တိမ်တမန်