ထန်တလန်မြို့နယ် နှာရိန်မြို့မှ မတူပီမြို့သို့ ဆက်သွယ်သောလမ်းဖောက်လုပ်

နေပြည်တော် ၂၈  နိုဝင်ဘာ 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး (ဟားခါး)မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေကျပ် ၇၈ ဒသမ ၅၀၈ သန်းဖြင့် ထန်တလန်မြို့နယ် နှာရိန်မြို့မှ မတူပီမြို့သို့ ဆက်သွယ်သော နှာရိန်-စာလ်ထောင်မြေသားလမ်း နှစ်မိုင် ဖောက်လုပ်လျက်ရှိကြောင်း သိရသည်။ 

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ ဖောက်လုပ်သည့် ၎င်းမြေသားလမ်း နှစ်မိုင်ဖောက်လုပ်ပြီးပါက ထန်တလန်မြို့နယ်နှင့် မတူပီမြို့နယ် အတွင်းရှိ ကျေးရွာများ ဒေသတစ်ခုမှ တစ်ခုသို့ ပိုမိုလွယ်ကူစွာ သွားလာနိုင်ပြီး ကျေးရွာအုပ်စု ၈ စု၊ ကျေးရွာ ၂၇ ရွာ၊ အိမ်ခြေ ၁၆၆၇၊ လူဦးရေ ၇၈၀၀ ခန့်၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ 

တောင်ယာစိုက်ပျိုးသည့် ပြည်သူများအနေဖြင့်လည်း ဒေသထွက်ကုန်များအား ဈေးကွက်သို့ အချိန်တိုအတွင်း တင်ပို့ရောင်းချနိုင်မည်ဖြစ်ရာ ဝင်ငွေမြင့်မားလာပြီး မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်လည်း လျော့ကျလာမည်ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ထန်တလန်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေကျပ် ၁၁၄၇ ဒသမ ၁၅ သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ချင်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(ဟားခါး)မှ သိရသည်။ 

ဇော်ရှိန်း(ဓာတု)