ထုံးဘို(န)ကျေးရွာတွင် စိုက်ဧက ၁၀၀၀ ကျော် အကျိုးပြုမည့် ကုန်ထုတ်လမ်း ဆောင်ရွက်လျက်ရှိ

ရွှေဘို၊ ဇန်နဝါရီ ၂၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ထုံးဘို(န)ကျေးရွာတွင် စိုက်ဧက ၁၀၀၀ ကျော် အကျိုးပြုမည့် ကုန်ထုတ်လမ်း ဆောင်ရွက်လျက်ရှိကြောင်း ရွှေဘိုခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

အဆိုပါကုန်ထုတ်လမ်းကို ဝက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခုနှစ် (၆)လဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ကျပ်သန်း ၇၃ ဒသမ ၃၈ ဖြင့် ငွေကုဋေထွန်း ကုမ္ပဏီမှ မြေသားတင်ခြင်း အရှည် ၇၂၆၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၂ ပေနှင့် ဂျင်းခင်းခြင်း အရှည် ၁၀၅၆၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မ ခင်းခြင်းကို ဆောင်ရွက်လျက်ရှိရာ (၁၅)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ကုန်ထုတ်လမ်းပြီးစီးသွားပါက လယ်ယာမြေဧက ၁၀၀၀ ကျော်မှ စိုက်ပျိုးသီးနှံများ ဈေးကွက်အတွင်း လျင်မြန်စွာ ရောင်းချနိုင်မည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးချိန်တွင်လည်း ခေတ်မီစက်ကိရိယာများ အလွယ်တကူဝင်ထွက် စိုက်ပျိုးထွန်ယက်နိုင်ကာ ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မည် ဖြစ်သည်။

 

ခရိုင်(ပြန်/ဆက်)