ထူးခြားဆန်းပြား ကမ္ဘာတစ်ခွင်မှ သတင်းများ

ခြူးစန္ဒီနွေး

အပတ်စဉ် ဖော်ပြနေကျဖြစ်တဲ့ ကမ္ဘာတစ်ဝန်းမှာ ပေါ်ပေါက်ခဲ့တဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ဖော်ပြပေးဖို့အချိန် ရောက်လာပါပြီ။ အခု တစ်ပတ်မှာတော့ ကမ္ဘာတစ်လွှားမှာ ပေါ်ပေါက်ခဲ့တဲ့ဆေးပညာ၊ အာကာသနဲ့ အခြားသော ထူးခြားတဲ့ အဖြစ်အပျက်တွေကို စုစည်းတင်ပြလိုက်ရပါတယ်။

 

အိပ်ရာဝင်ချိန်နောက်ကျခြင်းနှင့် အဝလွန်ခြင်း

 

အိပ်ရာဝင်ချိန်နောက်ကျခြင်းနဲ့ အဝလွန်ခြင်းတို့ ဆက်စပ်မှုရှိတယ်လို့ လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။ အသက်ခြောက်နှစ်အောက် ကလေးငယ်တွေဟာ အိပ်ရာဝင်ချိန် နောက်ကျတဲ့အခါ အဝလွန်ခြင်းဖြစ်နိုင်တယ်လို့ သိရပါတယ်။ နောက်ကျမှ အိပ်စက်တဲ့ ကလေးတွေဟာ ခါးတုတ်လာပြီးတော့ ခန္ဓာကိုယ် အလေးချိန်ဟာလည်း မြင့်တက်လာတယ်ဆိုတာကို သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒီလေ့လာမှုကိုတော့ ဆွီဒင်နိုင်ငံမှာရှိတဲ့ ကလေးပေါင်း ၁၀၇ ဦးကို တစ်နှစ်ပတ်လုံး လေ့လာမှုတွေ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

 

ကလေးတွေအတွက် အိပ်ရာဝင်ချိန် ၉ နာရီနောက်ပိုင်းကို အိပ်ရာဝင်ချိန် နောက်ကျတယ်လို့ သတ်မှတ်ထားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ကလေးဘဝ အစောပိုင်းမှာကတည်းက အဝလွန်ခြင်းဟာ အိပ်ရာဝင်ချိန် နောက်ကျတာတစ်ခုတည်းကြောင့်ပဲတော့ မဟုတ်ဘူးလို့ ကလေးအထူးကုနှစ်ဦးက အကြံပြုထားပါတယ်။ နောက်ထပ်အရေးကြီးတဲ့ အချက်တွေကတော့ မိသားစုအတွင်းမှာ ဆိုးရွားတဲ့ ကျန်းမာရေး အလေ့အထရှိတာတွေ၊ ဖုန်း၊ တီဗွီ၊ ကွန်ပျူတာ အကြည့်များတာတွေနဲ့ လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဟိုးအရင် တွေ့ရှိခဲ့တဲ့ လေ့လာမှုအရတော့ အိပ်ချိန်တိုတောင်းလွန်းခြင်းဟာလည်း ကလေးအရွယ်မှာပဲ အဝလွန်ခြင်းနဲ့ သက်ဆိုင်မှုရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ နေ့စဉ် မစောလွန်း၊ နောက်မကျလွန်းပဲ အိပ်စက်ခြင်းဟာ ကလေးငယ်တွေအတွက် ပိုပြီးသင့်လျော်တယ်လို့ သုတေသီတွေက ပြောပါတယ်။

 

mdn

 

ဂျူပီတာဂြိုဟ်ပေါ်မှာ ရေဘယ်လောက်ရှိသလဲ

 

ဂျူပီတာဂြိုဟ်ရဲ့ လေထုဖိအားအတွင်းမှာ ရေပမာဏဘယ်လောက် များများရှိပါသလဲ။ ၁၉၉ဝ ဝန်းကျင် နှစ်တွေတုန်းက နာဆာကနေ ဂယ်လီလီယို အာကာသယာဉ်ကို ဂျူပီတာဂြိုဟ်ကို လေ့လာဖို့ စေလွှတ်ခဲ့ပါတယ်။ အာကာသယာဉ်က ရလာတဲ့အချက်အလက်တွေနဲ့ သိပ္ပံပညာရှင်တွေအတွက် ပဟေဠိဖြစ်နေတာတွေကို ရှင်းလင်းနိုင်လိမ့်မယ်လို့ ယူဆခဲ့ကြပါတယ်။

 

သိပ္ပံပညာရှင်တွေ သိချင်ခဲ့တာကတော့ ဂျူပီတာဂြိုဟ်ရဲ့ လေထုအတွင်းမှာ ရေပမာဏ ဘယ်လောက်များများ ရှိသလဲဆိုတာပါပဲ။ ဂယ်လီလီယို အာကာသယာဉ်ဟာ ၅၇ မိနစ်ကြာ ထုတ်လွှင့်ပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရရှိခဲ့တဲ့ ဒေတာအချက်အလက်တွေအရ ရေပမာဏဟာ ခန့်မှန်းထားတာထက် ၁၀ ဆနည်းနေတာကို တွေ့ရတော့ သိပ္ပံပညာရှင်တွေ စိတ်ပျက်ခဲ့ရပါတယ်။ နာဆာရဲ့ ဂျူနို အာကာသယာဉ်ကိုတော့ ၂၀၁၁ ခုနှစ်မှာ လွှတ်တင်ခဲ့ပါတယ်။ အဲဒီကရတဲ့ အချက်အလက်တွေနဲ့ ဂျူပီတာလေထုအတွင်း ရေပမာဏ ဘယ်လောက်ရှိမလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။ ဂျူပီတာဂြိုဟ်ရဲ့ နေရာအနှံ့အပြားမှာ ရေပမာဏ ဘယ်လောက်ရှိသလဲ ဆိုတာကို ဆုံးဖြတ်ဖို့ အဓိကလုပ်ဆောင်ချက် ဖြစ်ခဲ့ပါတယ်။

 

ဂျူနိုအာကာသယာဉ်ရဲ့ ရလဒ်တွေကို ယခုလအတွင်းမှာပဲ ဖော်ပြခဲ့ရာမှာတော့ ရေပမာဏ ဘယ်လောက်ရှိနိုင်မလဲ ဆိုတာကိုပါ ခန့်မှန်းဖော်ပြခဲ့ပါတယ်။ ဂျူပီတာရဲ့ အီကွေတာရှိ ရေသည် လေထုအတွင်းရှိ မော်လီကျူးများ၏ ၀ ဒသမ၂၅ ရာခိုင်နှုန်းရှိတယ်ဆိုတာကို အချက်အလက်တွေအရ သိရပါတယ်။

 

အဲဒီပမာဏဟာ နေထက်သုံးဆလောက်နီးပါး ရှိပါတယ်။ အခုရရှိတဲ့ရေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေရ ဂျူပီတာဂြိုဟ် ဘယ်လိုဖြစ်လာသလဲဆိုတာကိုပါ လေ့လာဖို့ သိပ္ပံပညာရှင်တွေအတွက် အထောက်အကူဖြစ်စေမှာပဲ ဖြစ်ပါတယ်။

 

mdn

 

အနီရောင် အသားစားသုံးခြင်းနှင့် နှလုံးရောဂါ

 

အနီရောင်ရှိပြီး စီမံပြုပြင်ထားတဲ့အသားကို စားသုံးခြင်းဟာ နှလုံးရောဂါ ဖြစ်ပွားမှုနဲ့ ဆက်စပ်မှုရှိတယ်လို့ လေ့လာမှုအသစ်တစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ ပုံနှိပ်ထုတ်ဝေခဲ့ရာမှာတော့ အနီရောင်ရှိပြီး ပြုပြင်ထားတဲ့ အသားတွေကို လျှော့ပြီး စားသုံးစရာမလိုဘူးလို့ ဖော်ပြခဲ့ပါတယ်။

 

အဲဒီနောက်မှာတော့ အငြင်းပွားဖွယ်အချက်ဖြစ်ခဲ့ပြီး အခုလိုတွေ့ရှိမှုအသစ် ထွက်ပေါ်လာတာပါပဲ။ အခုလေ့လာမှုကိုတော့ ဖေဖော်ဝါရီ ၃ ရက်က အေအမ်အေ ဆေးစာဆောင်မှာ ဖော်ပြထားပြီး အနီရောင်အသားနှစ်တုံး၊ မွေးမြူရေးအသားတွေကို ပုံမှန်စားသုံးမယ်ဆိုရင် ၃ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းအထိ နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီလေ့လာမှုကိုတော့ နယူးယောက်မှာရှိတဲ့ ကော်နယ်တက္ကသိုလ်နဲ့ အီလီနွိုက်ပြည်နယ် အနောက်မြောက်ပိုင်း တက္ကသိုလ်တို့က သုတေသီတွေ ပူးပေါင်းပြီး လေ့လာမှု ပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အသက် ၅၃ ဒသမ ၇ နှစ်အရွယ်ရှိတဲ့ လူပေါင်း ၂၉၆၈၂ ကို လေ့လာမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဟင်းချက်တဲ့အခါ ချက်ပုံချက်နည်းအပေါ်မှာ ထည့်သွင်း စဉ်းစားတာမျိုး မရှိတဲ့အတွက်ကြောင့် ဒီလေ့လာမှုမှာ အကန့်အသတ်တွေတော့ ရှိနေပါသေးတယ်။

 

mdn

 

မြွေအကောင်ရေလျော့ကျလာ

 

လေ့လာမှုအသစ်အရ မြွေများပျောက်ကွယ်မယ့် အခြေအနေရှိလာပြီး ကမ္ဘာပေါ်မှာရှိတဲ့ ဇီဝမျိုးကွဲဆိုင်ရာ ပြဿနာနဲ့ ရင်ဆိုင်နေရပြီဆိုပြီး အချက်ပေးခေါင်းလောင်းသံ မြည်လာပါတယ်။ မြွေတွေတင်မကပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေ ဆုံးရှုံးမှုပြဿနာနဲ့ပါ ရင်ဆိုင်နေရတာပါ။ ဇီဝမျိုးကွဲဆိုင်ရာ ပြဿနာနဲ့ တောရိုင်းတိရစ္ဆာန်များ ဆုံးရှုံးမှုပြဿနာကို မီချီဂန် ပြည်နယ်တက္ကသိုလ်နဲ့ မာလန်းတက္ကသိုလ်တို့ ပူးပေါင်းပြီး လေ့လာမှု ပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

 

ဘယ်မျိုးစိတ်ပဲ ပျောက်ကွယ်ပျောက်ကွယ် ဒါဟာကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ။ ပနားမားနိုင်ငံ အယ်ကုတ်ဒေသက ထိန်းသိမ်းစောင့်ရှောက်ရေး ဧရိယာက မြွေတွေအရေအတွက် လျော့နည်းသွားရခြင်း အကြောင်းကတော့ သူတို့ရဲ့ မူလအစာအရင်းအမြစ်ဖြစ်တဲ့ ဖားတွေ ရှင်းလင်းခံလိုက်ရလို့ပဲ ဖြစ်ပါတယ်။

လေ့လာရေးအုပ်စုဟာ မြွေတွေပေါက်ဖွားရာဒေသမှာ ခုနစ်နှစ်ကြာ လေ့လာမှုတွေ ပြုလုပ်ခဲ့ပြီး ဖားအကောင်ရေ လျော့နည်းမသွားခင်ကတည်း က လေ့လာမှုတွေ ပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

 

ဖားအကောင်ရေ လျော့နည်းသွားရခြင်းဟာလည်း အစားအသောက် ကွင်းဆက်ထိခိုက်မှုကြောင့်ပဲ ဖြစ်ပါတယ်။ သေသေချာချာရှင်းလင်း ဖော်ပြနိုင်ဖို့ ကာလရှည်ကြာ ကောက်ယူထားတဲ့ အချက်အလက်တွေတော့ လိုအပ်ပါလိမ့်မယ်။

 

ကိုးကား - ဆင်ဟွာ၊ ဆိုင်းရင့်ဒေးလီး၊ အိတ်စပရက်ဒေါ့ကွန်း၊