တာချီလိတ်မြို့နယ်နှင့် မိုင်းဆတ်မြို့နယ်တို့၌ ငွေကျပ် ၂၈၁၀ ဒသမ ၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများနှင့် စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော် ၂၅ စက်တင်ဘာ

 

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၃ နာရီက တာချီလိတ်မြို့နယ်၊ ဟွေရဲကျေးရွာနေ စိုင်းခွန်း၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ လီခေါ(ခ)လော်ဂေါ၊ စိုင်းဆိုင်လှိုင်း၊ လီယားနှင့် လော်ရိုး (ခ) လော်ကော့ တို့အားတွေ့ရှိရပြီး ဆာလာအိတ်အတွင်းနှင့် နေအိမ်ခြံဝင်းအတွင်း ရပ်ထားသည့် Hilux Tiger အမျိုးအစားမော်တော်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ် ဆေးပြား ၄၉၉,၈၀၀ သိမ်းဆည်းရမိခဲ့သည်။

 

ဆက်လက်၍ အမှုမှတရားခံ လီခေါ(ခ)လော်ဂေါအား ထပ်မံစစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြားများမှာ ၎င်းကိုယ်တိုင် မိုင်းဆတ်မြို့နယ်၊ မိုင်းတွန်း(တောင်ပေါ်) ကျေးရွာအုပ်စု၊ နာခါး(ခ)နမ့်ခမ်း(၁) ကျေးရွာ၏ အနောက်ဘက်မီတာ ၁,၇၀၀ ခန့်အကွာ၊ လျှိုအတွင်းရှိတဲ၌ ၎င်းကိုယ်တိုင်ထုတ်လုပ်ခဲ့ကြောင်း လိုက်လံပြသသဖြင့် စက်တင်ဘာလ ၂၄ ရက် မွန်းတည့် ၁၂ နာရီတွင် အထက်ပါပူးပေါင်းအဖွဲ့သည် အဆိုပါနေရာသို့ ဝင်ရောက်ရှာဖွေရာ  တဲအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၀၀၀၊ ကဖင်း ၁၇၀ ကီလို၊ စိတ်ကြွရူးသွပ်ဆေးမှုန့် သုည ဒသမ ၁ ကီလို၊ အရောင်ဆိုးဆေးမှုန့် သုည ဒသမ ၅ ကီလို၊ WY တံဆိပ်ပါ သံမို ၅ ချောင်း၊ ပန်းသီးတံဆိပ်ပါ သံမို ၂ ချောင်း၊ တံဆိပ်မပါ သံမို ၆ ချောင်း၊ စုစုပေါင်းသံမို ၁၃ ချောင်း၊ တူမီးသေနတ် ၃ လက်၊ စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ စုစုပေါင်း ငွေကျပ် ၂,၈၁၀ ဒသမ ၅ သိန်းတန်ဖိုးကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား