တာချီလိတ်၌ ဒေသခံတောင်သူ ၃၄ ဦးအား စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်း ဖွင့်လှစ်ပို့ချ

တာချီလိတ် ၄  ဇူလိုင် 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မျိုးစေ့ထုတ် စိုက်ဧက ၈၀ စိုက်ပျိုးမည့် တောင်သူများနှင့် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ (IHTDV) မှ တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းကို ယနေ့ နံနက်က အဆိုပါဦးစီးဌာန ခရိုင်ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

 

အဆိုပါ နည်းပညာပေးသင်တန်းတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးကျော်စွာဝင်းက CERP အစီအစဉ်ဆိုင်ရာများအား ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်က သင်တန်းပြုလုပ်ရခြင်းနှင့် တောင်သူများ စိုက်ပျိုးအောင်မြင်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်တွေ့လုပ်ငန်းစဉ်အဆင့်ဆင့်၊ စိုက်နည်းစနစ် မှန်ကန်စေရေး၊ မျိုးသန့်များ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ပညာပေးဝန်ထမ်းများဖြင့် ကွင်းအရောက် ကြီးကြပ်ပညာပေးဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ခရိုင်မျိုးစေ့တာဝန်ခံ ဦးအေးကိုက မျိုးစေ့ဆောင်ရောဂါ၊ အဖျင်းအမှော် ပိုးမွှားကာကွယ်ရန်၊ မျိုးစေ့ဆားရည်စိမ်လုပ်ရမည့် လုပ်ငန်းစဉ်များ၊ မျိုးသန့်အသုံးပြုခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ ခရိုင်မြေအသုံးချတာဝန်ခံ ဒေါ်မြဥမ္မာက မြေဆီလွှာတိုးတက်မှု ကောင်းမွန်အောင် သစ်စိမ်းမြေဩဇာများ၊ ပဲမျိုးရင်းဝင် ပိုက်ဆံလျှော်ပင်များ ကြဲပေးရန်၊ ဘိုကာရှီ မြေဆွေးများ ပြုလုပ်သုံးစွဲရန်နှင့် ပြုလုပ်ပုံ နည်းပညာများ၊ ခရိုင်ပိုးမွှားတာဝန်ခံ ဦးရဲဝင်းက တောင်သူများ ပိုးမွှားရောဂါများအကြောင်း ခွဲခြားသိစေရန်၊ ဖြစ်နိုင်လျှင် ဓာတုပိုးသတ်ဆေးများ မလိုအပ်ဘဲ အသုံးမပြုရန်နှင့် (IPM) ဘက်စုံနည်းစနစ် အမျိုးမျိုးဖြင့် ကာကွယ်ရန်၊ ဆေးဖျန်းနည်းစနစ်များ မှန်ကန်စေရေး ပညာပေးခြင်း၊ ဒုတိယဦးစီးမှူး ဦးလွှမ်းမိုးသူက မျိုးကွဲပယ်နည်း လုပ်ငန်းစဉ်များ၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို ဆွေးနွေးပို့ချသည်။

 

အဆိုပါ နည်းပညာပေးသင်တန်းအား ဒေသခံတောင်သူ ၃၄ ဦး တက်ရောက်ပြီး ခရိုင်ရုံးဝင်းအတွင်း စိုက်နည်းစနစ်အမျိုးမျိုးဖြင့် စိုက်ပျိုးပြသထားသည့် အကွက်ငယ်များတွင် လက်တွေ့ရှင်းလင်းပြသခဲ့ကာ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ဖြိုးလေး(ပြန်/ဆက်)