တာချီလိတ်နယ်စပ်မှ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ တစ်ပတ်အတွင်း  ၂၇၀၄၇ ဦး ၀င်ရောက်လည်ပတ်

တာချီလိတ်  ၁၇  နိုဝင်ဘာ 

 

တာချီလိတ် နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ နေ့စဉ်ဝင်ရောက်လည်ပတ်လျက်ရှိရာ နိုဝင်ဘာ ၈ ရက်မှ ၁၄ ရက်အထိ ထိုင်းနိုင်ငံသား အများစုပါဝင်သည့်  နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည် နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ်အဖြစ် စုစုပေါင်း ၂၇၀၄၇ ဦး ဝင်ရောက်လည်ပတ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ၁၁၀၈၀၃၅ ဦးရှိကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ သိရသည်။

 

နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည်  မြန်မာနိုင်ငံအတွင်း ဘုရားဖူးခြင်း၊ ရေမြေတောတောင်  သဘာဝအလှ ရှုခင်းများနှင့် အထင်ကရနေရာများ၊ တိုင်းရင်းသားများ၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ လူနေမှု ဘဝပုံစံများကို ဗဟုသုတအဖြစ် ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်စေရန် ဝင်ရောက်လျက်ရှိရာ တစ်ပတ်အတွင်း  တာချီလိတ် နေ့ချင်းပြန်အဖြစ် ထိုင်းနိုင်ငံသား  ၂၅၈၅၃ ဦး၊ တတိယနိုင်ငံသား (နိုင်ငံခြားသား) ၄၀၉ ဦး၊  လန့်တောင်းဘုရားသို့ ထိုင်းနိုင်ငံသားတစ်ဦး၊  ညအိပ်ခရီးစဉ်အဖြစ် မိုင်းဖြတ်နှင့် ကျိုင်းတုံမြို့သို့ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၃၆၆ ဦး၊ ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့် (ဗီဇာကင်းလွတ်ခွင့်ရ) နိုင်ငံသား အပါအဝင် နိုင်ငံခြားသားခရီးသွား ဧည့်သည် ၄၁၈ ဦး ဝင်ရောက်လည်ပတ်ခဲ့သည်။

 

မြန်မာနိုင်ငံ နယ်စပ်ဝင်ပေါက်အသီးသီးမှ ဝင်ရောက်ပြီး တာချီလိတ်နယ်စပ်မှ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ ထွက်ခွာသည့် ခရီးစဉ်အဖြစ် ယခုနှစ်အတွင်း ခရီးစဉ် ၄၉ ခုတွင် မော်တော်ယာဉ် ၁၄၀ စီး၊ မော်တော်ဆိုင်ကယ် ၁၅၆ စီး၊ လူဦးရေ ၄၉၂ ဦးတို့သည် မြဝတီ၊ တမူးနယ်စပ်မြို့များမှ ဝင်ရောက်လာပြီး၊ ပြည်တွင်းပိုင်းသို့ သွားရောက်လည်ပတ်ကာ တာချီလိတ်မှတစ်ဆင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ ထွက်ခွာခဲ့သည်။

 

တာချီလိတ် နယ်စပ်ဝင်ပေါက်မှ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ နေ့ချင်းပြန်နှင့် ညအိပ်ခရီးသည် ထိုင်းနိုင်ငံသား ၁၀၂၉၃၁၀ ဦး၊ တတိယနိုင်ငံသား(နိုင်ငံခြားသား) ၁၄၈၉၄ ဦး၊ လန့်တောင်းဘုရားသို့ နေ့ချင်းပြန်  ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား(နိုင်ငံခြားသား) ၃၄၃ ဦး၊ မိုင်းဖုန်း နေ့ချင်းပြန် ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသား  ၁၁၃ ဦး၊ မိုင်းဖြတ်နှင့် ကျိုင်းတုံခရီးစဉ်တွင် ၁၀၅၄၁ ဦး၊ ဗီဇာ(ဗီဇာကင်းလွတ်ခွင့်)ဖြင့်  ပြည်တွင်း ခရီးစဉ်သို့ ၅၂၈၃၄ ဦး၊ စုစုပေါင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁၁၀၈၀၃၅ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

 

ဖြိုးလေး(တာချီလိတ်)