တစ်ယောက်မှစတစ်ရာ ညီညွတ်မှ ...

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၂၁ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့နယ် စုပေါင်းရုံးခန်းမ၌ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံစဉ် "တစ်ယောက်ချင်း၊ တစ်ယောက်ချင်းဟာ နိုင်ငံအတွက်အရေးပါပါတယ်။ နိုင်ငံရဲ့ အင်အားဆိုတာဟာ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းရဲ့ အင်အားနဲ့ စုထားတာပါ" ဟု ပြောကြားချက်ကို သတိပြုမိသည်။

 

သုညသည် သူ့ချည်းသက်သက်ဆိုပါက တန်ဖိုးမရှိသောဂဏန်း ဖြစ်သည်။ "၁"ဟူသော အစပြုဂဏန်းနောက်မှ သုညတစ်လုံး ရောက်လာသည်နှင့် တန်ဖိုးရှိသော ဂဏန်းဖြစ်လာသည်။ ကျွန်ုပ်တို့ ပြည်ထောင်စုသားများအနေဖြင့် တစ်ကိုရှုမြင်ရာတွင် တစ်ယောက်အစ တစ်ရာမကဖြစ်လာသည့် ပြည်ထောင်စုဖွား ညီနောင်များဖြစ်သည် ဟူသောအသိနှင့် ထိုတစ်ယောက် မှစသည့် ညီညွတ်မှု၊ ကြိုးပမ်းအားထုတ်မှု အားမာန်များဖြင့် မိမိတို့ဘဝ၊ မိမိတို့ဒေသ၊ မိမိတို့တိုင်းပြည် တိုးတက်အောင် တက်ညီလက်ညီ ဆောင်ရွက်မည်ဟူသော အသိရှိကြရမည် ဖြစ်သည်။

 

မြန်မာနိုင်ငံရှိ သန်း ၅၀ ကျော်သော ပြည်သူများသည် တစ်ယောက်မှစ  စတင်ဖြစ်တည်လာခြင်းဖြစ်ပြီး ထိုတစ်ယောက်စ၊ တစ်ယောက်စများ စုပေါင်းခြင်းဖြင့် ပြည်ထောင်စုဖြစ်လာသည်။ ပြည်ထောင်စုသားများသည် တစ်မိသားတည်းမှ ပေါက်ဖွား လာသူများဖြစ်၍ တစ်ယောက်ချင်း၊ တစ်ယောက်ချင်း လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အင်အားတည်ဆောက်ရမည် ဖြစ်သည်။ မြန်မာစကားပုံတွင် "တစ်ယောက်အားဖြင့် ယူသော်မရ တစ်သိန်းအားဖြင့် ယူသော်ရ၏"ဟူသော ဥပမာကဲ့သို့ပင် ရပ်ရွာတစ်ခု၊ မြို့တစ်ခုမှ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းအင်အားများကို စုပေါင်းခြင်းဖြင့် နိုင်ငံ၏ အင်အားဖြစ်လာပေမည်။

 

နန်းယွန်းမြို့သည် မြန်မာပြည် အနောက်မြောက်အပေါ်ပိုင်း အစွန်အဖျားမှ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့နယ် ဖြစ်သည်။ လူဦးရေအလွန် နည်းသော်လည်း ဒေသခံတိုင်းရင်းသားများ၏ စိတ်ထားမှာ မြင့်မားကြသည်ကို တွေ့ရသည်။ နန်းယွန်းမြို့နယ်သည် အစွန်အဖျားဝေးလံခေါင်သီသော ဒေသဖြစ်သော်လည်း မိမိတို့မြို့နယ်ကို တိုးတက်စေလိုသော ဆန္ဒများကိုယ်စီ ကိုယ်စီရှိနေကြသည်။ နန်းယွန်းမြို့နယ်တွင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ခရီးသွားလာရေး၊ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရေး စသည့် ဖွံ့ဖြိုးတိုးတက်မှု ရှိလာစေရန်အတွက် ဒေသခံ ပြည်သူများက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား တင်ပြခဲ့ကြသည်။

 

ဒေသဆိုင်ရာအစိုးရအနေဖြင့် ပြည်သူအားထိတွေ့၍ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပြီး ပြည်သူများကလည်း မိသားစုအသွင် ဆက်ဆံရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ နန်းယွန်းမြို့မှ ပြည်သူများကဲ့သို့ပင် နိုင်ငံတစ်ဝန်းမှ ပြည်သူတိုင်း ပြည်သူတိုင်းသည် တိုင်းပြည်အတွက် အရေးပါသည်။ နိုင်ငံတော်အနေဖြင့် တိုင်းသူပြည်သား တစ်ယောက်ချင်းအပေါ်တွင် တန်ဖိုးထားသကဲ့သို့ တိုင်းသူပြည်သား တစ်ယောက်ချင်းကလည်း နိုင်ငံတော်အပေါ် အလေးထား ရမည် ဖြစ်သည်။ ထိုတစ်ယောက်ချင်း၏ နိုင်ငံတော်အပေါ်ထားရှိသည့် တူညီသောအင်အားများဖြင့် နိုင်ငံကိုတည်ဆောက်ရမည် ဖြစ်သည်။

 

ပြည်သူများအပေါင်းအစုဖြင့် ဖြစ်ပေါ်လာသောနိုင်ငံတစ်နိုင်ငံ တိုးတက်ရေးမှာ ပြည်သူလူထုအင်အားက အဓိကဖြစ်သည်။ ပြည်သူလူထု၏ ခိုင်မာသောစိတ်ဓာတ်၊ ပြည်သူလူထု၏ တက်ကြွသောပူးပေါင်း ဆောင်ရွက်မှုမရှိလျှင် နိုင်ငံရေရှည် တည်တံ့ခိုင်မြဲမှုကို ရရှိလိမ့်မည်မဟုတ်ပေ။ နိုင်ငံတစ်နိုင်ငံ ချမ်းသာခြင်း၊ ဆင်းရဲခြင်းသည် ငွေကြေးဥစ္စာတစ်ခုတည်း ကိုသာကြည့်၍ ဆုံးဖြတ်နိုင်သည်မဟုတ်ဘဲ ထိုနိုင်ငံရှိ ပြည်သူများ၏ စိတ်ဓာတ်မြင့်မား တက်ကြွခြင်းကိုလည်း ကြည့်၍ ဆုံးဖြတ်ရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ နန်းယွန်းမြို့မှ ပြည်သူများမှအစ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူအများစုမှာ မိမိတို့ဒေသ ဖွံ့ဖြိုးရမည်။ ငြိမ်းချမ်းရမည်၊ သာယာရမည်ဟူသော စိတ်ဆန္ဒများကို တညီတညွတ်တည်း အတူတူထားကာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် အတူ ပူးပေါင်းလက်တွဲ၍ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။   ။

ကြေးမုံ