“တောက်ချလိုက်မယ်”ဟာသရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာ ၅ ရက်တွင် ရုံတင်ပြသမည်

ရန်ကုန် ၃  ဒီဇင်ဘာ 

ဟာသသရုပ်ဆောင် ခင်လှိုင်က ဒါရိုက်တာအဖြစ် ပထမဆုံး ရိုက်ကူးထားသည့် “တောက်ချလိုက်မယ်” ဟာသဇာတ်မြူး ရုပ်ရှင်ဇာတ်ကား အထူးပွဲကို ရန်ကုန်မြို့၊ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံတွင် ဒီဇင်ဘာ ၂ ရက် ညပိုင်းက ပြသသည်။ 

ဤရုပ်ရှင်ဇာတ်ကားတွင် အကယ်ဒမီခန့်စည်သူ၊ အကယ်ဒမီ မြင့်မြတ်၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ ပတ်ထရစ်ရှာ၊ ရွှေသမီး၊ အရိုင်း၊ ကျော်ထူး၊ ဆင်မ၊ အကယ်ဒမီဝါဝါအောင်၊ အကယ်ဒမီ တက္ကသိုလ်ဂွမ်းပုံ၊ ကေညီ၊ ပိစိနှင့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင် ထားပြီး Love 2 ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားသည်။ 

“တောက်ချလိုက်မယ်ဆိုတဲ့အတိုင်း အကျော်အခွ ရယ်စရာလေးတွေပါ၊ ကိုခင်လှိုင်က ဟာသ comedy မှာလည်း ဝမ်းစာပြည့်ဝသူတစ်ယောက်ပါ။ ဟာသဘက်မှာ တချို့နေရာတွေမှာ ကျွန်တော်တို့ရဲ့ မြင်ဆရာလို့ပြောလို့ရပါတယ်။ ကိုခင်လှိုင် က ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်တဲ့အပေါ် ယုံကြည်ပြီးသားပါ”ဟု အကယ်ဒမီ ခန့်စည်သူက ပြောသည်။ 

"ပထမဆုံးကားမို့ နည်းနည်း စိတ်ပူတယ်။ ပရိသတ်တွေ ရင်ထဲမှာ လိုအပ်တာ ရှိရင်လည်း ကြည့်ပြီးဖြည့်စွက် အကြံပြုပေးပါ”ဟု ဒါရိုက်တာ ခင်လှိုင်က ပြောသည်။

 “တောက်ချလိုက်မယ်” ဟာသဇာတ်မြူးရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာ ၅ ရက်တွင် တစ်နိုင်ငံ လုံးရှိ အဆင့်မြင့်ရုံများတွင် ရုံတင်ပြသမည်ဖြစ်ကြောင်း သိရသည်။ 

သန့်ဇင်ဝင်း