တောမြိုင်စွန်းက လွမ်းအောင်ဖန်မှ ဆင်းသက်လာသော ဦးရွှေရိုး ဒေါ်မိုး

အေးကြူလေး

 

ပထမဦးဆုံးမြန်မာ့ရုပ်ရှင် မေတ္တာနှင့် သူရာ ဇာတ်ကားကို ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ရုံတင်ပြသရာ ပရိသတ်များ ရုံပြည့်ရုံလျှံ အပြည့်အဝ အားပေးမှုရသည်။ ဦးအုံးမောင်တို့၏ ဘားမား ဖလင်မှ (၁) မေတ္တာနှင့် သူရာ၊ (၂) ကျေးတောသူ မနု၊ (၃) ရွှေပေးလို့မရ၊ (၄) တိမ်တလုံး၊ (၅) စိတ်အာရုံ၊ (၆) ခင်ခင် မှားတော်ပုံ၊ (၇) တစ်သက်လုံး ဖုံးသမျှ ကုန်းတော့မှပေါ် ရုပ်ရှင်ကားများကို ရိုက်ကူးဖြစ်သည်။ တစ်သက်လုံးဖုံးသမျှ ကုန်းတော့မှပေါ် ရုပ်ရှင်ဇာတ်ကားကို စာရေးဆရာကြီး ပီမိုးနင်းကပင် ဝတ္ထုဇာတ်လမ်းရေးသားပြီး ဆရာကြီးပီမိုးနင်းကိုယ်တိုင် ပန်းချီဆရာကြီးအဖြစ် ပါဝင်ခဲ့သည်။ ယင်းဇာတ်ကားရိုက်ကူးနေစဉ်အတွင်း ဘားမားဖလင်အစုရှယ်ယာ အချင်းချင်း သဘောထား မတိုက်ဆိုင်သဖြင့် ရုပ်ရှင်ဖခင်ကြီး ဦးအုံးမောင်က နုတ်ထွက်သွားသည်။ ဓာတ်ပုံဆရာကြီး ဦးမောင်မောင်က ဇာတ်ကားရိုက်ကူးနေစဉ် ကာလဖြစ်နေ၍ ယခင်ရင်းနှီးပြီးဖြစ်သော မြန်မာအဆွေတိုက်ဆိုင်ကြီးပိုင်ရှင် ဦးဘညွန့်နှင့် တွေ့ဆုံသည်။ အကြောင်းစုံ ရှင်းလင်းပြောကြားပြီး စီးပွားရေးနှင့် စီမံခန့်ခွဲမှုကျွမ်းကျင်သော သူဌေးကြီး ဦးဘညွန့်ထံ လက်ဝယ်ရှိသော ရုပ်ရှင်ကားများပါ ငှားရမ်းလုပ်ကိုင်ပေးရန် အပ်နှံလိုက်သည်။

မြန်မာအဆွေသူဌေးကြီး ဦးဘညွန့်၏ သားသမီးများမှာ (၁)ဒေါ်မြခင်(ဒါရိုက်တာ ဦးတင်ယု၏ မိခင်၊ ဝင်းမာ၊ တိုးညွန့်၊ စန္ဒာတို့ ၏အဘွား)၊ (၂) ဦးတင်နွယ် (ဒဂုံဦးမြင့်စိုး၊ မင်းသားဝေဇင်၊ အေဝမ်းလှမျိုးတို့၏ ဖခင်၊ အေဝမ်းသန်းထွဋ်၊ အေဝမ်း သိန်းထွဋ်တို့၏ အဘိုး)၊ (၃) ဦးညီပု (ပထမဆုံးမင်းသား)၊ (၄) ဒေါ်ခင်ခင် (ပထမ အမျိုးသမီးကင်မရာ မင်း)၊ (၅) ဦးမောင်မောင်စိုး (မင်းသား ဒါရိုက်တာ)၊ (၆) ဒေါ်ခင်ညွန့်(မင်းသား သိန်းဇော်၏ မိခင်)၊ (၇) ဦးတင်မောင် (အေဝမ်းတင်မောင်မင်းသား ဒါရိုက်တာ)၊ (၈) ဒေါ်ခင်ရီ၊ (၉) ဒေါ်ခင်ထွေးတို့ ဖြစ်ကြ သည်။ မြန်မာအဆွေသူဌေးကြီး ဦးဘညွန့်က သူ့သားများဖြစ်သော ဦးညီပုနှင့် ဦးတင်ဖေ (မောင်မောင်စိုး) တို့ နိုင်ငံခြားသို့ သွားရောက် ပညာသင်ကြားပေးရန် ရည်ရွယ် ထားသည်။ မိသားစုအားလုံး မေမြို့ (ပြင်ဦးလွင်) သို့ သွားရောက်နေထိုင်သည်။

 


တောမြိုင်စွန်းက လွမ်းအောင်ဖန်
အစ်ကိုအကြီးဆုံးဖြစ်သူ ဦးတင်နွယ်က နှစ်ရှည်လများ နိုင်ငံခြားသို့ သွားရောက် ပညာသင်ကြားမည့် ဦးညီပုနှင့် ဦးတင်ဖေတို့ အတွက် ဆွေမျိုးမိတ်သင်္ဂဟများ အမှတ်တရ အတွက် ရုပ်ရှင်တစ်ကားရိုက်ကူးရန် စိတ်ကူး သည်။ ရုပ်ရှင်ရိုက်ကူးရန် ဖခင်ဖြစ်သူ သူဌေးကြီးဦးဘညွန့်ကို တင်ပြရာ ခွင့်ပြုချက် ရရှိသည်။ ရုပ်ရှင်ရိုက်ကူးရန်အတွက် ဓာတ်ပုံ ဆရာကြီး ဦးမောင်မောင်နှင့် တိုင်ပင်သည့် အခါ ဦးမောင်မောင်က ဝမ်းသာစွာ လက်ခံ သည်။ ဦးညီပုအား ဇာတ်လမ်းတစ်ခု ရှာခိုင်း ရာ ဒဏ္ဍာရီဆန်ဆန် ဇာတ်လမ်းတစ်ခုကို တောမြိုင်စွန်းက လွမ်းအောင်ဖန်ဟု နာမည်တပ်လိုက်သည်။ တောမြိုင်စွန်းက လွမ်းအောင်ဖန် ဇာတ်ကားတွင် ဦးညီပု၊ ဦးတင်ဖေ (မောင်မောင်စိုး)၊ ဦးဘကလေး (နောင်အခါတွင် ဦးရွှေရိုး)၊ မြိုင်ရာဇာ ဘိုးစောကြီးတို့နှင့် ရိုက်ကူးရန်ဖြစ်သည်။ ဦးဘကလေးက ငယ်ရွယ်သူဖြစ်သည့် အလျောက် သဘာဝအတိုင်း သရုပ်ဆောင် ချင်သော်လည်း ဦးညီပုတို့၏ တိုက်တွန်း အားပေးမှုကြောင့် မိတ်ကပ်ချကာ သက်ကြီး တစ်ယောက်အဖြစ် သရုပ်ဆောင်ရခြင်း ဖြစ်သည်။
ဇာတ်လမ်းအရ ဦးညီပု(မောင်ဘဌေး)က သတ္တုရှာဖွေ သမားဖြစ်ပြီး တောတောင် ရေတံခွန်အနီး သွားရောက်ရင်း ဥစ္စာစောင့် မလေးနှင့်တွေ့သည်။ ဥစ္စာစောင့်မလေးက ကိုယ်ယောင်ပြသဖြင့် ဦးညီပုက လိုက်ဖမ်း ခြင်း၊ ကိုယ်ပျောက်သွားခြင်းဖြင့် ကင်မရာ လှည့်စားမှုများ ပါရှိသည်။ အိမ်နီးချင်း နောက်ပိုးမောင်မောင်စိုးနေရာတွင် ဦးတင် ဖေ၊ ဦးဘဌေး၏ လူယုံတော်ဦးရွှေရိုးနေရာတွင် ဦးဘကလေးတို့ ပါဝင်ကြသည်။ ကာတွန်း ဆရာကြီး ရွှေတလေး (ခ) ဘကလေးမှာ မြန်မာအဆွေကုန်တိုက်မှ မန်နေဂျာဖြစ် သည်။ သရော်ချက်ရေးချက်များ ပိုင်နိုင် သဖြင့် ကာတွန်းရေးရာတွင် နာမည်ကြီး သည်။ တောမြိုင်စွန်းက လွမ်းအောင်ဖန် ဇာတ်ကားတွင် ဦးညီပု၏ လူယုံ၊ ဝတ်ကြီး ဝတ်ငယ် ပြုစုရသူအဖြစ် သရုပ်ဆောင်ရပြီး ဇာတ်ကောင်နာမည်ကို ရွှေရိုးဟု ပေးထား သည်။ မြန်မာနိုင်ငံကို တိုင်းတစ်ပါးသားများ လာရောက်အုပ်ချုပ်စဉ် မျက်နှာဖြူ အရေး ပိုင်တစ်ဦးက ရွှေရိုးကလောင်နာမည်ယူ၍ စာရေးသည်။ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေ သော မြန်မာနိုင်ငံအကြောင်း စာအုပ်များတွင် မြန်မာများကို နှိမ်ချရေးသားလေ့ရှိသည်။ ဦးဘကလေးက ထိုရေးသားချက်များကို မခံမရပ် နိုင်အောင်ဖြစ်သဖြင့် တောမြိုင်စွန်း က လွမ်းအောင်ဖန် ဇာတ်ကားတွင် မောင်ဘဌေး၏ အခိုင်းအစေဝေယျာဝစ္စ လုပ်ပေးရသူ ရွှေရိုးအဖြစ် သရုပ်ဆောင်ခြင်း ဖြစ်သည်။ ရွှေရိုးအမည်ကို အခိုင်းအစေအဖြစ် ပြန်လည်အသုံးပြုခြင်းဖြစ်သည်။

 


ပရိသတ်များ စိတ်ဝင်စားမှုအပြည့်အဝရ
ပြင်ဦးလွင်တစ်ဝိုက်တွင် သတ္တုရှာဖွေ ရေးသမား မောင်ဘဌေး၏ အခန်းများကို ရိုက်ကူးကြသည်။ ထိုသို့ရိုက်ကူးရင်း ဥစ္စာ စောင့်မလေးအဖြစ် သရုပ်ဆောင်မည့် အမျိုးသမီးတစ်ယောက် လိုနေသဖြင့် ပြင်ဦးလွင်မှ မန္တလေးသို့ ဦးညီပုနှင့် ဦးဘ ကလေးတို့ ဆင်းကြသည်။ ဥစ္စာစောင့်မလေး နှင့် သင့်လျော်မည့်သူ မန္တလေးတွင် လိုက်လံ ရှာဖွေသည်။ မန္တလေးတွင် အငြိမ့်ဆရာကြီး ဦးချစ်ဖွယ်၊ ဒေါ်စိန်သုံတို့၏ အကူအညီဖြင့် ဥစ္စာစောင့်အဖြစ် သရုပ်ဆောင်မည့် မမြညွန့် ကို ရှာတွေ့သည်။ မမြညွန့်သည် ဥစ္စာစောင့် မလေးနေရာက သင့်လျော်သဖြင့် ကမ်းလှမ်း ရာ အဆင်ပြေသွားသည်။ ဇာတ်လမ်းအရ ဥစ္စာစောင့်မလေးက မောင်ဘဌေးအား ကလူကျီစယ် အခန်းများ၊ ကိုယ်ပျောက်လိုက် ပေါ်လိုက်အခန်းများ ပြရသည်။ မောင် ဘဌေးက လိုက်ဖမ်းလိုက ပျောက်သွားလိုက် ပေါ်လိုက်ပြရသဖြင့် ဥစ္စာစောင့်မလေးနေရာ မှလည်း အရေးပါ၍ စိတ်ဝင်စားစရာကောင်း သည်။ ဥစ္စာစောင့်မလေးက တန်ခိုးဖြင့် ဖန်တုံးကို ပွတ်ကြည့်ရာ အချုပ်ခံထားရ သော မောင်ဘဌေးကို တွေ့မြင်ရသည်။ မောင်ဘဌေးအား တုပ်နှောင်ထားသည့် ကြိုးများကို ဖြေလွှတ်၍ မောင်မောင်စိုးကို ထိုကြိုးများဖြင့် ပြန်ချည်တုပ်နှောင်လိုက် သည်။ ပရိသတ်များ စိတ်ဝင်စားမှုအပြည့်အဝ ရကြပြီး ဥစ္စာစောင့်မလေးအဖြစ်သရုပ်ဆောင် သည့် မမြညွန့်ကိုပါ အားပေးကြသည်။

 


ဦးရွှေရိုး ဒေါ်မိုး အက
ဇာတ်လမ်းအရ ဦးညီပု၏ လူယုံဝတ်ကြီး ဝတ်ငယ် ပြုစုရသူအဖြစ် ဦးရွှေရိုးက မခင် သစ်၏ အထိန်းတော် ဒေါ်မိုးကို နောက်ပိုး ရမည်ဖြစ်သည်။ ထိုသို့သော နောက်ပိုးခန်း များမှာ သဘာဝကျသဖြင့် ပရိသတ် အားပေးရယ်မောကြသည်။ သင်္ကြန် အချိန် ဦးရွှေရိုးက ဒေါ်မိုးကို ရေပြွတ်နှင့် ရေပက်သည့်အခန်းများ ပွဲကျပြီး ဦးရွှေရိုး ဒေါ်မိုးတို့ ရေပက်မှာလားဗျို့ဟူသော စာသားမှာ ပရိသတ်နှုတ်ဖျားတွင် ရေပန်း အစားဆုံး ဖြစ်သွားသည်။ ခေါင်းပေါင်းစ တလူလူ နှုတ်ခမ်းမွေးတကားကားနှင့် သူ့ရုပ်သွင်တွင် နှုတ်ခမ်းမွေးကို လှုပ်ကာ လှုပ်ကာ ကိုယ်ကယိမ်းနွဲ့ကာ စည်းချက် ကျကျကနိုင်သည်။ တောင်ရှည်ပုဆိုး ကွက်ကျား မာဖလာပတ်ထားသော သူ့ပုံက ယနေ့အထိ မရိုးနိုင်အောင် ရှိနေသည်။ မြန်မာ့ရိုးရာအစဉ်အလာ ပွဲတော်ကြီးများ တွင် ဦးရွှေရိုး ဒေါ်မိုးပါမှ ပွဲပိုမိုစည်ကားပေ သည်။ ဦးရွှေရိုး ဒေါ်မိုးအကကို ဇာတ်သဘင်မှ ဆင်းသက်လာသည်ဟု အများထင်ကြ သည်။ အမှန်ကတော့ တောမြိုင်စွန်းက လွမ်းအောင်ဖန် ဇာတ်ကားမှ ဦးရွှေရိုး ဒေါ်မိုးအက ဆင်းသက်လာခြင်းဖြစ်သည်။ တောမြိုင်စွန်းက လွမ်းအောင်ဖန်တွင် ဦးရွှေရိုး ဒေါ်မိုးနာမည်ကြီးသလို ဦးမောင် မောင်စိုးလည်း ထူးထူးခြားခြား နာမည်ကြီး သည်။ အိမ်နီးချင်းနောက်ပိုးမောင်မောင်စိုးဟူ၍ နာမည်ကျော်သွားသည်။ နောက်ပိုင်း တွင် ဦးမောင်မောင်စိုးခေါင်းဆောင်မင်းသားအဖြစ် ကားများ ရိုက်ကူးလာသည်။

 


ပထမဆုံး မြန်မာရုပ်ရှင်ကား
မေတ္တာနှင့် သူရာ
၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့ ပထမဆုံးမြန်မာရုပ်ရှင်ကား မေတ္တာနှင့်သူရာရုံတင်ပြသစဉ်က စန္ဒရား တစ်လုံးတည်းနှင့် တီးခတ်၍ ဇာတ်ပို့ပေးခဲ့ သည်။ လွမ်းခန်းဆိုလျှင် အလွမ်းတီးလုံး၊ ထိုးခန်း ကြိတ်ခန်းဆိုလျှင် ဘိန်းပေါင်းတီးလုံး စသည် ဖြင့် တီးခတ်ပေးကြရသည်။ ပထမ ဆုံးကားဖြစ်၍ အဘက်ဘက်က အားနည်း မှုရှိကြ သည်။ မြန်မာ့ရုပ်ရှင် ဒုတိယကား ကျေးတောသူ မနုဇာတ်ကား ရုံတင်သောအခါ ပို၍ ပြည့်စုံလာသည်။ စန္ဒရား၊ တယော၊ မယ်ဒလင်အပြင် ဇာတ်လမ်း ဇာတ်ကွက်နှင့် လိုက်ဖက်မည့် တေးသီချင်းများ အဆိုတော် ဦးဖြိုးက သီဆိုဖျော်ဖြေပေးသည်။ ဘားမား ဖလင်က ရုပ်ရှင်ကား ခုနစ်ကား ရိုက်ကူးပြီး အစုရှယ်ယာအချင်းချင်း စိတ်ဝမ်းကွဲ၍ ရုပ်ရှင်ဖခင်ကြီး ဦးအုံးမောင် နုတ်ထွက်သွား သည်။ တောမြိုင်စွန်းက လွမ်းအောင်ဖန် ဇာတ်ကားကို စီနီမာဒီပဲရစ်နှင့် ရွိုင်ရယ် ရုပ်ရှင်ရုံနှစ်ရုံ တစ်ပြိုင်တည်း ရုံတင်ပြသ သည်။ ဇာတ်ပို့တီးခတ်ပေးမည့် တီးဝိုင်းကို တစ်ရုံလျှင် တစ်ဝိုင်းစီတီးခတ်ရသည်။ ရွိုင်ရယ်ရုံတွင် စန္ဒရားဦးဘသက်၊ တယော (၁၁) လမ်း ကိုမောင်မောင် အဆိုတော် လှည်းတန်းဦးလူကလေး၊ ဒေါ်အုန်းမေကြီးတို့ ပါဝင်သည်။

စီနီမာဒီပဲရစ်ရုံတွင် စန္ဒရား ဦးသာရှင်၊ တယောကိုဘရီ၊ အဆိုတော် ပြည်မောင်ကြီး မတင်လှတို့ ပါဝင်တီးခတ် သီဆိုကြသည်။ ပဏာမတေးမှာ ကုမ္ပဏီ အမည်၊ ဒါရိုက်တာ၊ ဇာတ်ကားအမည်နှင့် ပါဝင်သရုပ်ဆောင်သူ များကို မည်မျှကောင်းကြောင်း ကြော်ငြာ ညွှန်းဖွဲ့ထားခြင်းဖြစ် သည်။ တောမြိုင်စွန်းက လွမ်းအောင်ဖန် ဇာတ်ကားမှစ၍ ဇာတ်ဝင် ကိုယ်ပိုင်သီချင်းများကို စတင်ရေးသားသီဆို ဇာတ်ပို့ခဲ့ ကြောင်း မှတ်တမ်းတင်ရမည်ဖြစ် သည်။ တောမြိုင်စွန်းက လွမ်းအောင်ဖန် ဇာတ်ကားတွင် Camera Trick ရိုက်ကူးမှု များပါရှိခြင်း၊ ဦးရွှေရိုး ဒေါ်မိုးအက ပေါ်ထွက် လာခြင်း၊ ဇာတ်ကားနှင့် လိုက်ဖက်သော သီချင်းများကို သီးခြားစပ်ဆိုရေးသားသီဆို ခြင်း၊ ရုပ်ရှင် ရုံနှစ်ရုံ တစ်ပြိုင်တည်း ပြသခြင်း၊ တစ်ရုံလျှင် တီးဝိုင်းတစ်ဝိုင်းစီ တီးခတ် ဇာတ်ပို့ပေးခြင်းတို့ကို တွေ့ရှိရသည်။ တောမြိုင်စွန်းက လွမ်းအောင်ဖန်ဇာတ်ကား အောင်မြင်မှုရသဖြင့် ဦးညီပုနှင့် ဦးမောင် မောင်စိုးတို့ ညီအစ်ကိုနှစ်ဦး နိုင်ငံခြားသို့ ပညာတော်သင်သွားမည့်အစီအစဉ်မှာ ပျက် သွားပေတော့သည်။

 


ဆက်လက်၍ ရုပ်ရှင်ကားများ ရိုက်ကူးခဲ့
မြန်မာအဆွေကုမ္ပဏီမှ ဆက်လက်၍ ရုပ်ရှင်ကားများ ရိုက်ကူးခဲ့သည်။ ၁၉၂၄ ခုနှစ်တွင် ဒါရိုက်တာဦးတုတ်ကြီးနှင့် ဦးညီပုတို့ တွဲဖက်ရိုက်ကူးသည့် တခိုင်လုံး ရွှေ ၊ ၁၉၂၅ ခုနှစ်တွင် ဒါရိုက်တာဦးတုတ် ကြီးနှင့် ဦးညီပုတွဲလျက် တခိုင်လုံးစိန် ဇာတ်ကား၊ ဦးညီပုကိုယ်တိုင်သရုပ်ဆောင် ဒါရိုက်တာအဖြစ် ရိုက်ကူးသည့် မှိုင်းဝေဝေ ဇာတ်ကား၊ ဒါရိုက်တာ ဦးညီပုရိုက်ကူးသည့် ပလုတ်တုတ်ဇာတ်ကား၊ ၁၉၂၆ ခုနှစ်တွင် ဦးရွှေရိုးသရုပ်ဆောင် ဒါရိုက်တာလုပ်သည့် တောသားလေးရွှေရိုးဇာတ်ကား၊ ဦးညီပု ရိုက်ကူးသည့် ရွှေမင်းဝံဇာတ်ကား၊ ၁၉၂၇ ခုနှစ်တွင် ဦးညီပုရိုက်ကူးသည့် မြတဘက်၊ ဦးညီပုနှင့် မောင်မောင်စိုးသရုပ်ဆောင် ဒါရိုက်တာအဖြစ် ရိုက်ကူးသည့် မြအေးယဉ် ဇာတ်ကား၊ ၁၉၂၈ ခုနှစ်တွင် ဦးတင်နွယ် ရိုက်ကူးပြီး မောင်မောင်စိုးခေါင်းဆောင် ပါဝင်သည့် သကုဏ္ဍလာ ဇာတ်ကား၊ ၁၉၂၉ ခုနှစ်တွင် ဦးညီပုကိုယ်တိုင် သရုပ်ဆောင် ဒါရိုက်တာအဖြစ် ရိုက်ကူးသည့် ဆုထူးပန် ဇာတ်ကား၊ ဦးတင်နွယ် ဒါရိုက်တာအဖြစ် ရိုက်ကူးသည့် မြကြေးမုံဇာတ်ကား၊ ဦးညီပု ရိုက်ကူးသည့် မြိုင်နန်းစံဇာတ်ကား၊ ဦးတင်နွယ်နှင့် မောင်မောင်စိုးတို့ ရိုက်ကူး သည့် ရွှေစကားဇာတ်ကား၊ ၁၉၃၀ ပြည့်နှစ် တွင် ဦးတင်နွယ်ရိုက်ကူးသည့် သီတဂူ ဇာတ်ကားနှင့် မင်းကတော်ဇာတ်ကား၊ ဦးဘညွန့်နှင့် ဦးတင်နွယ်တို့ ပူးတွဲရိုက်ကူး သည့် နန်းညွန့်နွယ်ဇာတ်ကား၊ ဦးတင်နွယ် နှင့် ဦးမောင်မောင်စိုးတို့ ရိုက်ကူးသည့် ကျောင်းတော်ပြန်ဇာတ်ကားများ ရိုက်ကူးနိုင် ခဲ့သည်။

ရုပ်ရှင်ချစ်သုတေသီများအနေဖြင့် လိုအပ်သည်များ ဖြည့်စွက်ပြင်ဆင်ပေးစေ လိုပါသည်။ ၁၉၂၀ ပြည့်နှစ်မှ စခဲ့သော မြန်မာ့ရုပ်ရှင်သည် တစ်နှစ်ထက်တစ်နှစ် တိုးတက်ပြောင်းလဲလျက်ရှိလာသည်မှာ ဝမ်းသာစရာ ဖြစ်ပေသည်။ ။

 

ာညေ