တောမြိုင်စွန်းက လွမ်းအောင်ဖန်မှ ဆင်းသက်သာသော ဦးရွှေရိုး၊ ဒေါ်မိုး

အေးကြူလေး

 

ပထမဦးဆုံး မြန်မာ့ရုပ်ရှင် မေတ္တာနှင့် သူရာဇာတ်ကားကို ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ရုံတင်ပြသရာ ပရိသတ်များ ရုံပြည့်ရုံလျှံ အပြည့်အဝ အားပေးမှုရသည်။ ဦးအုန်းမောင်တို့၏ ဘားမားဖလင်မှ (၁)မေတ္တာနှင့်သူရာ၊ (၂) ကျေးတောသူမနု၊ (၃)ရွှေပေးလို့မရ။ (၄)တိမ်တလုံး၊ (၅) စိတ်အာရုံ၊ (၆) ခင်ခင် မှားတော်ပုံ၊ (၇) တစ်သက်လုံးဖုံးသမျှ ကုန်းတော့မှပေါ် ရုပ်ရှင်ကားများကို ရိုက်ကူးဖြစ်သည်။ တစ်သက်လုံးဖုံးသမျှ ကုန်းတော့မှပေါ် ရုပ်ရှင်ဇာတ်ကားကို စာရေးဆရာကြီး ပီမိုးနှင်းကပင် ဝတ္ထုဇာတ်လမ်းရေးသားပြီး ဆရာကြီးပီမိုးနင်းကိုယ်တိုင် ပန်းချီဆရာကြီးအဖြစ် ပါဝင်ခဲ့သည်။ ယင်းဇာတ်ကား ရိုက်ကူးနေစဉ်အတွင်း ဘားမားဖလင်အစုရှယ်ယာ အချင်းချင်း သဘောထားမတိုက်ဆိုင်သဖြင့် ရုပ်ရှင်ဖခင်ကြီး ဦးအုန်းမောင်က နုတ်ထွက်သွားသည်။ ဓာတ်ပုံဆရာကြီး ဦးမောင်မောင်က ဇာတ်ကားရိုက်ကူးနေစဉ်ကာလ ဖြစ်နေ၍ ယခင် ရင်းနှီးပြီးဖြစ်သော မြန်မာအဆွေ တိုက်ပိုင်ရှင် ဦးဘညွန့်နှင့် တွေ့ဆုံသည်။ အကြောင်းစုံ ရှင်းလင်းပြောကြားပြီး စီးပွားရေးနှင့် စီမံခန့်ခွဲမှုကျွမ်းကျင်သော သူဌေးကြီး ဦးဘညွန့်ထံ လက်ဝယ်ရှိသော ရုပ်ရှင်ကားများပါ ငှားရမ်းလုပ်ကိုင်ပေးရန် အပ်နှံ လိုက်သည်။

 

ပညာသင်ကြားပေးရန် ရည်ရွယ်ထား

မြန်မာအဆွေသူဌေးကြီး ဦးဘညွန့်၏ သားသမီးများမှာ (၁)ဒေါ်မြခင် (ဒါရိုက်တာ ဦးတင်ယု၏ မိခင်၊ ဝင်းမာ၊ တိုးညွန့်၊ စန္ဒာ တို့၏ အဘွား)၊ (၂) ဦးတင်နွယ် (ဒဂုံဦးမြင့်စိုး၊ မင်းသားဝေဇင်၊ အေဝမ်းလှမျိုးတို့၏ ဖခင်၊ အေဝမ်းသန်းထွဋ်၊ အေဝမ်းသိန်းထွဋ် တို့၏ အဘိုး)၊ (၃) ဦးညီပု (ပထမဆုံးမင်းသား)၊ (၄) ဒေါ်ခင်ခင် (ပထမဆုံးအမျိုးသမီး ကင်မရာမန်း)၊ (၅) ဦးမောင်မောင်စိုး (မင်းသား၊ ဒါရိုက်တာ)၊ (၆) ဒေါ်ခင်ညွန့် (မင်းသားသိန်းဇော်၏မိခင်)၊ (၇) ဦးတင်မောင် (အေဝမ်းတင်မောင် မင်းသား၊ ဒါရိုက်တာ)၊ (၈) ဒေါ်ခင်ရီ၊ (၉) ဒေါ်ခင်ထွေးတို့ဖြစ်ကြသည်။ မြန်မာအဆွေသူဌေးကြီး ဦးဘညွန့်က သူ့သားများဖြစ်ကြသော ဦးညီပုနှင့် ဦးတင်ဖေ (မောင်မောင်စိုး)တို့ကို နိုင်ငံခြားသို့ သွားရောက်ပညာသင်ကြားပေးရန် ရည်ရွယ်ထားသည်။ မိသားစု အားလုံး မေမြို့(ပြင်ဦးလွင်) သို့ သွားရောက်နေထိုင်သည်။

 

‌ေ+

 

အစ်ကိုအကြီးဆုံးဖြစ်သူ ဦးတင်နွယ်က နှစ်ရှည်လများ နိုင်ငံခြားသို့ သွားရောက်ပညာသင်ကြားမည့် ဦးညီပုနှင့် ဦးတင်ဖေ တို့အတွက် ဆွေမျိုးမိတ်သင်္ဂဟများ အမှတ်တရအတွက် ရုပ်ရှင်တစ်ကားရိုက်ကူးရန် စိတ်ကူးသည်။ ရုပ်ရှင်ရိုက်ကူးရန် ဖခင်ဖြစ်သူ သူဌေးကြီး ဦးဘညွန့်ကိုတင်ပြရာ ခွင့်ပြုချက်ရရှိသည်။ ရုပ်ရှင်ရိုက်ကူးရန်အတွက် ဓာတ်ပုံဆရာကြီး ဦးမောင်မောင် နှင့် တိုင်ပင်သည့်အခါ ဦးမောင်မောင်က ဝမ်းသာစွာလက်ခံသည်။ ဦးညီပုအား ဇာတ်လမ်းတစ်ခုရှာခိုင်းရာ ဒဏ္ဍာရီဆန်ဆန် ဇာတ်လမ်းတစ်ခုကို တောမြိုင်စွန်းက လွမ်းအောင်ဖန် ဟု နာမည်တပ်လိုက်သည်။ တောမြိုင်စွန်းက လွမ်းအောင်ဖန် ဇာတ်ကားတွင် ဦးညီပု၊ ဦးတင်ဖေ (မောင်မောင်စိုး)၊ ဦးဘကလေး (နောင်အခါတွင် ဦးရွှေရိုး)၊ မြိုင်ရာဇာ ဘိုးစောကြီးတို့နှင့် ရိုက်ကူးရန် ဖြစ်သည်။ ဦးဘကလေးက ငယ်ရွယ်သူဖြစ်သည့်အလျောက် သဘာဝအတိုင်း သရုပ်ဆောင်ချင် သော်လည်း ဦးညီပုတို့၏ တိုက်တွန်းအားပေးမှုကြောင့် မိတ်ကပ်ချကာ သက်ကြီးတစ်ယောက်အဖြစ် သရုပ်ဆောင်ရခြင်း ဖြစ်သည်။

 

ဇာတ်ကောင်နာမည်ကို ရွှေရိုးဟုပေး

ဇာတ်လမ်းအရ ဦးညီပု (မောင်ဘဌေး) က သတ္တုရှာဖွေရေးသမားဖြစ်ပြီး တောတောင်ရေတံခွန်အနီး သွားရောက်ရင်း ဥစ္စာစောင့် မလေးနှင့် တွေ့သည်။ ဥစ္စာစောင့်မလေးက ကိုယ်ယောင်ပြသဖြင့် ဦးညီပုက လိုက်ဖမ်းခြင်း၊ ကိုယ်ပျောက်သွားခြင်းဖြင့် ကင်မရာ လှည့်စားမှုများ ပါရှိသည်။ အိမ်နီးချင်းနောက်ပိုး မောင်မောင်စိုးနေရာတွင် ဦးတင်ဖေ၊ ဦးဘဌေး၏လူယုံတော် ဦးရွှေရိုးနေရာတွင် ဦးဘကလေးတို့ ပါဝင်ကြသည်။ ကာတွန်းဆရာကြီး ရွှေတလေး (ခ) ဘကလေးမှာ မြန်မာအဆွေကုန်တိုက်မှ မန်နေဂျာ ဖြစ်သည်။ သရော်ချက်ရေးချက်များ ပိုင်နိုင်သဖြင့် ကာတွန်းရေးရာတွင် နာမည်ကြီးသည်။ တောမြိုင်စွန်းက လွမ်းအောင်ဖန် ဇာတ်ကားတွင် ဦးညီပု၏လူယုံ၊ ဝတ်ကြီးဝတ်ငယ်ပြုစု ရသူအဖြစ် သရုပ်ဆောင်ရပြီး ဇာတ်ကောင်နာမည်ကို ရွှေရိုးဟု ပေးထားသည်။ မြန်မာနိုင်ငံကို တိုင်းတစ်ပါးသားများ လာရောက်အုပ်ချုပ်စဉ် မျက်နှာဖြူအရေးပိုင်တစ်ဦးက ရွှေရိုးကလောင် နာမည်ယူ၍ စာရေးသည်။ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော မြန်မာနိုင်ငံအကြောင်း စာအုပ်များတွင် မြန်မာများကို နှိမ့်ချ ရေးသားလေ့ရှိသည်။ ဦးဘကလေးက ထိုရေးသားချက်များကို မခံမရပ်နိုင်အောင် ဖြစ်သဖြင့် တောမြိုင်စွန်းက လွမ်းအောင်ဖန် ဇာတ်ကားတွင် မောင်ဘဌေး၏ အခိုင်းအစေ၊ ဝေယျာဝစ္စလုပ်ပေးရသူ ရွှေရိုးအဖြစ် သရုပ်ဆောင်ခြင်း ဖြစ်သည်။ ရွှေရိုးအမည်ကို အခိုင်းအစေအဖြစ် ပြန်လည်အသုံးပြုခြင်း ဖြစ်သည်။

 

ပြင်ဦးလွင်တစ်ဝိုက်တွင် သတ္တုရှာဖွေရေးသမား မောင်ဘဌေး၏ အခန်းများကို ရိုက်ကူးကြသည်။ ထိုသို့ရိုက်ကူးရင်း ဥစ္စာစောင့် မလေးအဖြစ် သရုပ်ဆောင်မည့် အမျိုးသမီး တစ်ယောက်လိုနေသဖြင့် ပြင်ဦးလွင်မှ မန္တလေးသို့ ဦးညီပုနှင့် ဦးဘကလေးတို့ ဆင်းကြသည်။ ဥစ္စာစောင့်မလေးနှင့် သင့်လျော်မည့်သူ မန္တလေးတွင် လိုက်လံရှာဖွေသည်။

 

မန္တလေးတွင် အငြိမ့်ဆရာကြီး ဦးချစ်ဖွယ်၊ ဒေါ်စိန်သံတို့၏ အကူအညီဖြင့် ဥစ္စာစောင့်အဖြစ် သရုပ်ဆောင်မည့် မမြညွန့်ကို ရှာတွေ့သည်။ မမြညွန့်သည် ဥစ္စာစောင့်မလေးနေရာနှင့် သင့်လျော်သဖြင့် ကမ်းလှမ်းရာ အဆင်ပြေသွားသည်။ ဇာတ်လမ်းအရ ဥစ္စာစောင့်မလေးက မောင်ဘဌေးအား ကလူကျီစယ်အခန်းများ၊ ကိုယ်ပျောက်လိုက်၊ ပေါ်လိုက်အခန်းများ ပြရသည်။ မောင်ဘဌေးက လိုက်ဖမ်းလိုက်၊ ပျောက်သွားလိုက်၊ ပေါ်လိုက်ပြရသဖြင့် ဥစ္စာစောင့်မလေးနေရာမှာလည်း အရေးပါ၍ စိတ်ဝင် စားစရာကောင်းသည်။ ဥစ္စာစောင့် မလေးက တန်ခိုးဖြင့် ဖန်တုံးကိုပွတ်ကြည့်ရာ အချုပ်ခံထားရသော မောင်ဘဌေးကို တွေ့မြင် ရသည်။ မောင်ဘဌေးအား တုပ်နှောင်ထားသည့် ကြိုးများကိုလွှတ်၍ မောင်မောင်စိုးကို ထိုကြိုးများဖြင့် ပြန်ချည်တုပ်နှောင် လိုက်သည်။ ပရိသတ်များ စိတ်ဝင်စားမှု အပြည့်အဝရကြပြီး (ဥစ္စာစောင့်မလေးအဖြစ် သရုပ်ဆောင်သည့် မမြညွန့်ကိုပါ အားပေးကြသည်။

 

ရေပန်းအစားဆုံးဖြစ်

ဇာတ်လမ်းအရ ဦးညီပု၏လူယုံ ဝတ်ကြီး ဝတ်ငယ်ပြုစုရသူအဖြစ် ဦးရွှေရိုးက မခင်သစ်၏ အထိန်းတော် ဒေါ်မိုးကို နောက်ပိုး ရမည်ဖြစ်သည်။ ထိုသို့သော နောက်ပိုးခန်းများမှာ သဘာဝကျသဖြင့် ပရိသတ်အား ပေးရယ်မောကြသည်။ သင်္ကြန်အချိန် ဦးရွှေရိုးက ဒေါ်မိုးကို ရေပြွတ်တိုဖြင့် ရေပက်သည့်အခန်းများ ပွဲကျပြီး ဦးရွှေရိုး၊ ဒေါ်မိုးတို့ ရေပက်မှာလားကျုံ့ ဟူသော စာသားမှာ ပရိသတ်နှုတ်ဖျားတွင် ရေပန်းအစားဆုံး ဖြစ်သွားသည်။ ခေါင်းပေါင်းစ တလူလူ၊ နှုတ်ခမ်းမွေး တကားကားဖြင့် သူ့ရုပ်သွင်တွင် နှုတ်ခမ်းမွေးကို လှုပ်ကာလှုပ်ကာ ကိုယ်ကယိမ်းနွဲ့ကာ စည်းချက်ကျကျ ကနိုင်သည်။ တောင်ရှည်ပုဆိုး ကွက်ကျား မာဖလာပတ်ထားသော သူ့ပုံက ယနေ့အထိ မရိုးနိုင်အောင်ရှိနေသည်။ မြန်မာ့ရိုးရာ အစဉ်အလာ ပွဲတော်ကြီး များတွင် ဦးရွှေရိုး၊ ဒေါ်မိုးပါမှ ပွဲပိုမိုစည်ကားပေသည်။ ဦးရွှေရိုး၊ ဒေါ်မိုးအကကို ဇာတ်သဘင်မှ ဆင်းသက်လာသည်ဟု အများထင်ကြသည်။ အမှန်ကတော့ တောမြိုင်စွန်းက လွမ်းအောင်ဖန် ဇာတ်ကားမှ ဦးရွှေရိုး၊ ဒေါ်မိုးအက ဆင်းသက်လာခြင်း ဖြစ်သည်။ တောမြိုင်စွန်းက လွမ်းအောင်ဖန်တွင် ဦးရွှေရိုး၊ ဒေါ်မိုး နာမည်ကြီးသလို ဦးမောင်မောင်စိုးလည်း ထူးထူးခြားခြား နာမည်ကြီးသည်။ အိမ်နီးချင်း နောက်ပိုး မောင်မောင်စိုးဟူ၍ နာမည်ကျော်သွားသည်။ နောက်ပိုင်းတွင် ဦးမောင်မောင်စိုး ခေါင်းဆောင် မင်းသားအဖြစ် ကားများရိုက်ကူးလာသည်။

 

၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့ ပထမဦးဆုံး မြန်မာရုပ်ရှင်ကား မေတ္တာနှင့်သူရာ ရုံတင်ပြသစဉ်က စန္ဒရား တစ်လုံးတည်းဖြင့် တီးခတ်၍ဇာတ်ပို့ပေးခဲ့သည်။ လွမ်းခန်းဆိုလျှင် အလွမ်းတီးလုံး၊ ထိုးခန်း ကြိတ်ခန်းဆိုလျှင် ဗိန်းဗောင်း တီးလုံးစသဖြင့် တီးခတ်ပေးကြရသည်။ ပထမဆုံးကားဖြစ်၍ အဘက်ဘက်က အားနည်းမှုရှိကြသည်။ မြန်မာ့ရုပ်ရှင် ဒုတိယကား ကျေးတောသူမနု ဇာတ်ကားရုံတင်သောအခါ ပို၍ပြည့်စုံလာသည်။ စန္ဒရား၊ တယော၊ မယ်ဒလင်အပြင် ဇာတ်လမ်း ဇာတ်ကွက်နှင့် လိုက်ဖက်မည့် တေးသီချင်းများ အဆိုတော်ဦးဖြိုးက သီဆိုဖျော်ဖြေပေးသည်။ ဘားမားဖလင်က ရုပ်ရှင်ကား ခုနစ်ကား ရိုက်ကူးပြီး အစုရှယ်ယာ အချင်းချင်း စိတ်ဝမ်းကွဲ၍ ရုပ်ရှင်ဖခင်ကြီး ဦးအုန်းမောင် နုတ်ထွက်သွားသည်။ တောမြိုင်စွန်းက လွမ်းအောင်ဖန် ဇာတ်ကားကို စီနီမာဒီပဲရစ်နှင့် ရွိုင်ရယ်ရုပ်ရှင်ရုံ နှစ်ရုံ တစ်ပြိုင်တည်း ရုံတင်ပြသသည်။ ဇာတ်ပို့ တီးခတ်ပေးမည့် တီးဝိုင်းကို တစ်ရုံလျှင် တစ်ဝိုင်းစီ တီးခတ်ရသည်။ ရွိုင်ရယ်ရုံတွင် စန္ဒရားဦးဘသက်၊ တယော (၁၁) လမ်း ကိုမောင်မောင်၊ အဆိုတော် လှည်းတန်း ဦးလူကလေး၊ ဒေါ်အုန်းမေကြီးတို့ ပါဝင်သည်။ စီနီမာဒီပဲရစ်ရုံတွင် စန္ဒရား ဦးသာရှင်၊ တယော ကိုဘရီ၊ အဆိုတော် ပြည်မောင်ကြီး မတင်လှ တို့ ပါဝင်တီးခတ် သီဆိုကြသည်။ ပဏာမတေးမှာ ကုမ္ပဏီအမည်၊ ဒါရိုက်တာ၊ ဇာတ်ကား ( အမည်နှင့် ပါဝင်သရုပ်ဆောင်သူများကို မည်မျှကောင်းကြောင်း ကြော်ညွှန်းဖွဲ့ထားခြင်း ဖြစ်သည်။ တောမြိုင်စွန်းက လွမ်းအောင်ဖန်ဇာတ်ကားမှစ၍ ဇာတ်ဝင် ကိုယ်ပိုင်သီချင်းများကို စတင်ရေးသားသီဆို ဇာတ်ပို့ခဲ့ ကြောင်း မှတ်တမ်းတင်ရမည် ဖြစ်သည်။ တောမြိုင်စွန်းက လွမ်းအောင်ဖန် ဇာတ်ကားတွင် Camera Trick ရိုက်ကူးမှုများ ပါရှိခြင်း၊ ဦးရွှေရိုး၊ ဒေါ်မိုးအက ပေါ်ထွက်လာခြင်း၊ ဇာတ်ကားနှင့် လိုက်ဖက်သောသီချင်းများကို သီးခြားစပ်ဆိုရေး သားသီဆိုခြင်း၊ ရုပ်ရှင်ရုံနှစ်ရုံ တစ်ပြိုင်တည်းပြသခြင်း၊ တစ်ရုံလျှင် တီးဝိုင်းတစ်ဝိုင်းစီ တီးခတ် ဇာတ်ပို့ပေးခြင်းတို့ကို တွေ့ရှိရသည်။ တောမြိုင်စွန်းက လွမ်းအောင်ဖန်ဇာတ်ကား အောင်မြင်မှုရသဖြင့် ဦးညီပုနှင့် ဦးမောင်မောင်စိုးတို့ ညီအစ်ကိုနှစ်ဦး နိုင်ငံခြားသို့ ပညာတော်သင်သွားမည့် အစီအစဉ်မှာ ပျက်သွားပေတော့သည်။

 

ရိုက်ကူးနိုင်ခဲ့

မြန်မာအဆွေကုမ္ပဏီက ဆက်လက်၍ ရုပ်ရှင်ကားများ ရိုက်ကူးခဲ့သည်။ ၁၉၂၄ ခု နှစ်တွင် ဒါရိုက်တာ ဦးတုတ်ကြီးနှင့် ဦးညီပုတို့ တွဲဖက်ရိုက်ကူးသည့် တခိုင်လုံးရွှေ၊ ၁၉၂၅ ခုနှစ်တွင် ဒါရိုက်တာ ဦးတုတ်ကြီးနှင့် ဦးညီပုတွဲလျက် တခိုင်လုံး စိန်ဇာတ်ကား၊ ဦးညီပုကိုယ်တိုင် သရုပ်ဆောင်၊ ဒါရိုက်တာအဖြစ် ရိုက်ကူးသည့် မှိုင်းဝေဝေဇာတ်ကား၊ ဒါရိုက်တာ ဦးညီပုရိုက်ကူးသည့် ပလုတ်တုတ် ဇာတ်ကား၊ ၁၉၂၆ ခုနှစ်တွင် ဦးရွှေရိုး သရုပ်ဆောင်၊ ဒါရိုက်တာလုပ်သည့် တောသားလေး ရွှေရိုးဇာတ်ကား၊ ဦးညီပုရိုက်ကူးသည့် ရွှေမင်းဝံဇာတ်ကား၊ ၁၉၂၇ ခုနှစ်တွင် ဦးညီပုရိုက်ကူးသည့် မြတဘက်၊ ဦးညီပုနှင့် မောင်မောင်စိုး သရုပ်ဆောင်၊ ဒါရိုက်တာအဖြစ် ရိုက်ကူးသည့် မြအေးယဉ်ဇာတ်ကား၊ [ ၁၉၂၈ ခုနှစ်တွင် ဦးတင်နွယ်ရိုက်ကူးပြီး မောင်မောင်စိုး ခေါင်းဆောင်ပါဝင်သည့် သကုဏ္ဍလာ ဇာတ်ကား၊ ၁၉၂၉ ခုနှစ်တွင် ဦးညီပုကိုယ်တိုင် သရုပ်ဆောင်၊ ဒါရိုက်တာအဖြစ် ရိုက်ကူးသည့် ဆုထူးပန်ဇာတ်ကား၊ ဦးတင်နွယ် ဒါရိုက်တာအဖြစ် ရိုက်ကူးသည့် မြကြေးမုံဇာတ်ကား၊ ဦးညီပုရိုက်ကူးသည့် မြိုင်နန်းစံဇာတ်ကား၊ ဦးတင်နွယ်နှင့် မောင်မောင်စိုးတို့ရိုက်ကူးသည့် ရွှေစကား ဇာတ်ကား၊ ၁၉၃၀ ပြည့်နှစ်တွင် ဦးတင်နွယ် ရိုက်ကူးသည့် သီတဂူဇာတ်ကားနှင့် မင်းကတော်ဇာတ်ကား၊ ဦးဘညွန့်နှင့် ဦးတင်နွယ်တို့ ပူးတွဲရိုက်ကူးသည့် နန်းညွန့်နွယ် ဇာတ်ကား၊ ဦးတင်နွယ်နှင့် ဦးမောင်မောင်တို့ ရိုက်ကူးသည့် ကျောင်းတော်ပြန်ဇာတ်ကားများ ရိုက်ကူးနိုင်ခဲ့သည်။ ရုပ်ရှင်ချစ် သုတေသီများအနေဖြင့် လိုအပ်သည်များဖြည့်စွက် ပြင်ဆင်ပေးစေလိုပါသည်။ ၁၉၂၀ ပြည့်နှစ်မှစခဲ့သော မြန်မာ့ရုပ်ရှင်သည် တစ်နှစ်ထက်တစ်နှစ် တိုးတက်ပြောင်းလဲလျက်ရှိသည်မှာ ဝမ်းသာစရာဖြစ်ပေသည်။    ။