တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

၂၁ ဇန်နဝါရီ

 

 

တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည့် အမေရိကန် သမ္မတသစ် ဂျိုးဘိုင်ဒင်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ တစ်စောင် ပေးပို့ခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် မဆုတ်မနစ်သော ညှိနှိုင်းဆောင်ရွက်မှု ပြုလုပ်မည်ဟု ကတိကဝတ် ပြုလိုက်ကြောင်း သမ္မတရုံးက ယနေ့ ပြောကြား လိုက်သည်။

           

 

ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရန်အပြင် ပွင့်လင်းသော ဆွေးနွေးမှုများ လုပ်ဆောင်ရန် မကြာမီ ဂျိုးဘိုင်ဒင်နှင့် အစည်းအဝေးတစ်ရပ် ပြုလုပ်ရန် မွန်ဂျေအင်းက ပြောကြားခဲ့ကြောင်း သမ္မတရုံး ပြောရေးဆို ခွင့်ရှိသူ ကန်မင်ဆွတ်ခ်က ပြောသည်။

 

 

သီးခြား အနေဖြင့် “သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတဲ့ ဂျိုးဘိုင်ဒင်ကို ဂုဏ်ပြုပါတယ်။ အမေရိက ပြန်လာပါပြီ။ အမေရိကရဲ့ အစပြုမှုက ဒီမိုကရေစီကို ပိုမို ကြီးကျယ်စေပါလိမ့်မယ်။ ကိုရီးယား ပြည်သူတွေနဲ့အတူ အမေရိကန်နိုင်ငံ လျှောက်လှမ်းမယ့် ခရီးလမ်းမှာ ကျွန်တော် ရပ်တည်ပါမယ်” ဟု မွန်ဂျေအင်းက တွစ်တာ လူမှုကွန်ရက်၌ ရေးသားခဲ့သည်။

           

 

ကိုရီးယား ကျွန်းဆွယ်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် မဟာမိတ်နိုင်ငံတစ်ခု အနေဖြင့် အမေရိကန်နိုင်ငံနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မည်ဟု ၄င်းက ဆိုသည်။

 

 

ပြည်သူ့ကျန်းမာရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် ရာသီဥတု ပြောင်းလဲမှု ကဲ့သို့သော နယ်ပယ်များရှိ ကမ္ဘာ့ရေးရာများ ဖြေရှင်းရာတွင် နှစ်နိုင်ငံကြား မဟာမိတ်ပြုမှုက ညှိနှိုင်းဆောင်ရွက်မှုမှတစ်ဆင့် ပိုမိုခိုင်မာလာမည်ဟု ၄င်းက ရေးသားခဲ့သည်။

           

 

တောင်ကိုရီးယား နိုင်ငံက ဂျိုးဘိုင်ဒင် ဦးဆောင်သော အမေရိကန် အစိုးရသစ်နှင့် ယခုချိန်မှစ၍ အတူ လျှောက်လှမ်းမည်ဟု မွန်ဂျေအင်းက ပြောသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

mdn