တောင်သူများ ဂရုပြုကြရတော့မည့် နှမ်းဖိုရောဂါ

ဒေါက်တာ နန်းကြူ

နှမ်းပင် ပန်းပွင့်ချိန်တွင် ပန်းပွင့်များသည် မူမမှန်ဘဲ အရွက်ပုံစံအဖြစ် ပြောင်းလဲပြီး အပွင့်မအောင်၊ အသီးမရတော့ဘဲ နှမ်းပင်ဖိုသွားသဖြင့် နှမ်းဖို ရောဂါဟု ခေါ်ဝေါ်ကြသည်။ ဤရောဂါသည် အပင်ရောဂါဖြစ်စေသည့် အဏုဇီဝ သက်ရှိ ဖိုင်တိုပလာစမာ (Phytoplasma)ကြောင့် ဖြစ်သည်။ ဤရောဂါကြောင့် နှမ်းသီးတောင့်ဖြစ်ပေါ်မှုကို လျော့စေသောကြောင့် နှမ်းစေ့အထွက်နှုန်းကို ကျဆင်းစေသည်။ အထွက်နှုန်းဆုံးရှုံးမှုသည် မမြင်သာ၍ နှမ်းဖိုအပင် များကို တွေ့သော်လည်း လျစ်လျူရှုခဲ့ကြသည်။ သို့သော် ဤရောဂါသည် ဖြုတ်ပိုးမှ တစ်ဆင့် ကူးစက်နိုင်ခြင်းကြောင့် နှမ်းမှ နှမ်း သို့မဟုတ် နှမ်းမှ အခြားသီးနှံများသို့ ကူးစက်ပျံ့နှံ့နိုင်သည်။


ဖိုင်တိုပလာစမာရောဂါ၏ သဘာဝသည် တဖြည်းဖြည်းချင်း နှစ်စဉ်ပွားများလာ၍ ရောဂါဆိုးရွားသည့် အဆင့်အထိရောက်ရန် အနည်းဆုံး ၅ နှစ်မှ ၁၀ နှစ်အထိ ကြာသည်။ ဆိုလိုသည်မှာ လွန်ခဲ့သော ၁၀ နှစ်ခန့်မှစ၍ အပင် အနည်းငယ်တွင် ရောဂါ အစပြုနေခဲ့သောကြောင့် ယခုလက်ရှိ နှမ်းစိုက်သည့် မည်သည့်နေရာမဆို နှမ်းဖိုရောဂါများကို တွေ့နေရခြင်းဖြစ်သည်။ သို့ဖြစ်၍ နှမ်းဖိုရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် တားဆီးနိုင်စေရန် ရည်ရွယ်၍ နှမ်းဖို ဖိုင်တိုပလာစမာသက်ရှိ၏ သဘာဝ၊ ကူးစက်ပျံ့နှံ့ပုံနှင့် ကာကွယ်သည့် နည်းလမ်းများကို ဖော်ပြလိုက်ရပါသည်။


(၁) နှမ်းဖို ဖိုင်တိုပလာစမာ

ဖိုင်တိုပလာစမာသက်ရှိသည် ရောဂါဖြစ်စေသော အဏုဇီဝသက်ရှိများမှ မော်လီကျူ့(Mollicutes)အုပ်စုဝင်ဖြစ်၍ ဆဲလ်နံရံမပါသည့် ဘက်တီးရီးယား (Bacteria)အမျိုးအစား ဖြစ်သည်။ ယခင်က MLO(Mycoplasma like orga- nisms)ဟု ခေါ်ဆိုခဲ့ကြပြီး ၁၉၉၂ ခုနှစ်နောက်ပိုင်းတွင် အပင်နှင့်ဆက်စပ်သော MLO ကို "ဖိုင်တိုပလာစမာ" ဟု ပြောင်းလဲ အမည်ပေးခဲ့သည်။ ဤသက်ရှိသည် ထာဝရကပ်ပါး အမျိုးအစားဖြစ်ပြီး အပင် အစာကြောစည်းနှင့် အပင်ဖျက်ပိုးများ ခန္ဓာအတွင်းတွင် ပွားများနေထိုင်ကြသည်။ ပုံစံမျိုးစုံ၊ အရွယ်မျိုးစုံ(200~800 nm) ရှိသည်။ အပင်များတွင် ဖိုင်တိုပလာစမာ ရောဂါပေါင်း ၆၀၀ ကျော်ခန့် တွေ့ရှိထားသည်။ အပင်အစာကြောစည်းအထိ စုပ်ယူစားသုံးနိုင်သည့် ဖျက်ပိုးများ(Phloem feeding insects)မှတစ်ဆင့် ရောဂါများ ပျံ့နှံ့လျက်ရှိသည်။
ဤသက်ရှိကို ယခုအချိန်အထိ ဓာတ်ခွဲခန်းတွင် မွေးမြူ၍ မရသေးပါ။ ၂၀၀၄ ခုနှစ်တွင် မွေးမြူ၍မရသော ဘက်တီးရီးယားများကို အမည်ပေးသည့် အခါ "Candidatus(Ca.)" ဟူ၍ Phytoplasma ရှေ့တွင်ထည့်ရန် သတ်မှတ် ခဲ့သည်။


ဗီဇအခြေခံနည်းပညာ အထူးသဖြင့် ရိုင်ဘိုဇုန်းအုပ်စု(16S rRNA) အသုံး ပြု၍ ဖိုင်တိုပလာစမာကို အမျိုးအစား ခွဲခြားကြသည်။ ယခုအခါ "Ca. Phyto-plasma" မျိုးကွဲ ၃၀ ကျော် တွေ့ရှိထားပြီးဖြစ်သည်။ ၂၀၁၂ ခုနစ် သုတေသန အရ မြန်မာပြည်တွင် "Ca. Phytoplasma" ငါးမျိုးသည် စိုက်ပျိုးသီးနှံများနှင့် ဆက်စပ်လျက်ရှိသည်။

 

(၂) နှမ်းဖိုရောဂါ သမိုင်းကြောင်း

၁၉၀၈ ခုနှစ်က တောင်အာရှ ပါကစ္စတန်နိုင်ငံတွင် နှမ်းဖိုရောဂါကို စတင်တွေ့ရှိခဲ့သည်။ ၁၉၂၄ ခုနှစ်တွင် မြန်မာပြည်၊ ၁၉၃၅ ခုနှစ်တွင် အိန္ဒိယ နိုင်ငံ၊ ၁၉၇၃ ခုနှစ်တွင် ထိုင်းနိုင်ငံ အစရှိသဖြင့် တွေ့ရှိလာပြီး ယခုအခါ ကမ္ဘာ့ နိုင်ငံအသီးသီး (အီရန်၊ အီရတ်၊ အစ္စရေး၊ ဆူဒန်၊ နိုင်ဂျီးရီးယား၊ တန်ဇန်နီးယား၊ ပါကစ္စတန်၊ အီသီယိုးပီးယား၊ တူရကီ၊ ယူဂန်ဒါ၊ မက္ကဆီကို)တွင် တွေ့ရှိကြောင်း မှတ်တမ်းများရှိသည်။

 

၁၉၇၃ ခုနှစ်က ထိုင်းပညာရှင်၏ တွေ့ရှိချက်အရ နှမ်းဖိုရောဂါသည် မိုက်ကိုပလာစမာနှင့်တူသော သက်ရှိများ (MLO)နှင့် ဆက်စပ်ကြောင်း သိရှိခဲ့ရသည်။ ၁၉၇၈ ခုနှစ်တွင် ၎င်း MLO သည် နှမ်းပင် အစာကြောစည်းဆဲလ်တွင် ရှိနေကြောင်း တွေ့ရှိခဲ့သည်။ ရောဂါကျနေသောနှမ်းပင်၏ အစာကြောစည်းကို ဆေးဆိုး၍ အီလက်ထရွန် မိုက်ခရိုစကုပ်ဖြင့် ကြည့်သည့်အခါ ဖိုင်တိုပလာစမာကို ပုံ(၁)အတိုင်း စက်ဝိုင်းပုံ သို့မဟုတ် ဘဲဥပုံသဏ္ဌာန် ဆဲလ်များအဖြစ် တွေ့ခဲ့ရသည်။


(၃) ရောဂါပင်ပြလက္ခဏာများ

အပင်ငယ်စဉ် ရောဂါကျလျှင် စိုက်ပြီးခုနစ်ရက်အကြာတွင် အဆစ်ကြားများ တိုခြင်း၊ အရွက်များ သေးငယ်ခြင်းနှင့် အပင်ပုခြင်း(ပုံမှန်အပင်၏ ၂/၃ ခန့်)စသည့် လက္ခဏာများပြတတ်ပြီး ၎င်းအပင်များကြီးလာသောအခါ ပန်းခိုင်များ နေရာတွင် သေး၍ လိမ်နေသော အရွက်များသည် ပင်စည်၏ ဆစ်ကြားတိုများမှ ထွက်နေတတ်သည်။ အပင်ကြီးအဆင့်တွင် ရောဂါကျပါက ပုံမှန်နှမ်းသီးတောင့်များသည် အပင်အောက်ခြေ၌ ရှိနေပြီး နှမ်းဖိုအခိုင်များသည် ပင်မကိုင်းနှင့် ကိုင်းသစ်များ၏ ထိပ်ပိုင်းတွင် ထွက်နေတတ်သည်။


အခြား လက္ခဏာများမှာ ပန်းပွင့်ဖတ်များ အရွက်ပုံပြောင်းခြင်း(Floral viresecence and phyllody)၊ ပန်းခိုင် အစုလိုက်ဖြစ်ခြင်း (Floral prolife-ration)၊ နှမ်းသီးတောင့် အက်ကွဲ၍ အပင်ပေါက်ခြင်း (Germination of seeds in cracked capsules)၊ ပန်းပွင့်အစိတ်အပိုင်းများတွင် အနက်ရောင်အစေးများ ထွက်ခြင်း(Dark exudates on foliage parts)၊ အဝါရောင် လိမ်တွန့်နေသော အရွက်များ ဆစ်ကြားတိုများမှ ထွက်ခြင်း(Short internodes with yellows, twisted reduced leaves)၊ အပင်ထိပ်ပိုင်း ပုံသဏ္ဌာန်မမှန်ခြင်း(Shoot apex fasciation)နှင့် အပင်ထိပ်ပိုင်းတွင် စုန်းတံမြက်စည်းပုံစံ(Witches’ broom) သေးရှည်သောအရွက်များ စုထွက်နေခြင်းတို့ ဖြစ်သည်။

 

(၄) ရောဂါကူးစက်ပျံ့နှံ့ပုံ

နှမ်းဖိုရောဂါသည် မျိုးစေ့နှင့် ရောဂါကျအပင်၏ ပင်ရည်တို့မှတစ်ဆင့် ကူးစက်နိုင်ခြင်းမရှိပါ။ ဖြုတ်ပိုး(Orosius albicinctus)ကြောင့်သာလျှင် အဓိက ကူးစက်ပျံ့နှံ့စေသည်။ သုတေသနများအရ နှမ်းဖိုရောဂါသည် ယခင်စိုက်ခင်း သို့မဟုတ် ၎င်းအနီးအနားတွင် ပြန်လည်စိုက်ပျိုးပါက ရောဂါ ပိုမိုကျရောက် တတ်သည်။ အကျိုးဆက်အနေဖြင့် ရောဂါသယ်ဆောင်ထားသော ဖြုတ်ပိုးအား ဆက်တိုက်ပွားများနိုင်စေရန် အားပေးသည့်အနေအထားကို ရရှိနေခြင်း ကြောင့် ဖြစ်သည်။

 

ယေဘုယျအားဖြင့် ဖြုတ်များသည် မေလနှင့် ဇွန်လများတွင် အရေအတွက် အများဆုံးဖြစ်သည်။ ရောဂါ သယ်ဆောင်ထားသည့် ဖြုတ်တစ်ကောင် တည်းရှိလျှင်ပင် ရောဂါဖြစ်စေ၊ ပျံ့ပွားစေနိုင်သည်။ သုတေသနများအရ အပင် တစ်ပင်တွင် ၎င်းဖြုတ်ပိုးတစ်ကောင် စားသုံးလျှင် ရောဂါပျံ့နှံ့နှုန်းသည် ၂၉ ရာခိုင်နှုန်းခန့်နှင့် သုံးကောင် စားသုံးလျှင် ၈၄ ရာခိုင်နှုန်းခန့် ပျံ့နှံ့စေကြောင်း သိရသည်။


ဖြုတ်ပိုးသည် ရောဂါရှိသည့်အပင်မှ ဖိုင်တိုပလာစမာသက်ရှိကို ရယူရန် ၃−၄ ရက်အထိ စုပ်ယူစားသုံးရန် လိုအပ်ပြီး အခြားအပင်တွင် ရောဂါပြန်ဖြစ် စေရန် အနည်းဆုံး ၃၀ မိနစ်ခန့် စားသုံးရန် လိုအပ်သည်။ ရောဂါပျိုးချိန်သည် ဖြုတ်ပိုးတွင် ၁၅−၆၃ ရက်နှင့် နှမ်းပင်တွင် ၁၃−၆၁ ရက်ဖြစ်သည်။ (အပင်တွင် ဖြုတ်ကျပြီးနောက် ရောဂါလက္ခဏာ စတင်ပြသည့်အချိန်အထိ ၁၃ ရက်မှ ၆၁ ရက်အထိ ကြာသည်ဟု ဆိုလိုသည်)။


ဖြုတ် အထီး အမ နှစ်မျိုးလုံးသည် ရောဂါကို သယ်ဆောင်ပြန့်ပွားနိုင်သည်။ ပိုးမမည်အဆင့်(Nymphs)သည် ရောဂါကို သယ်ဆောင်နိုင်ခြင်း မရှိပါ။ ပူနွေးသည့်ရာသီ(နွေရာသီ)တွင် ဖြုတ်ပိုးအရေအတွက် များပြားပြီး အေးသည့်ရာသီ (ဆောင်းရာသီ)တွင် အရေအတွက် နည်းပါးသည်။ နှမ်းဖို ဖိုင်တိုပလာစမာ သက်ရှိသည် ပိုက်ဆံလျှော်၊ ကုလားပဲပင်၊ မုန့်ညင်းပင်တို့ကိုလည်း ကူးစက် နိုင်ကြောင်း အိန္ဒိယနိုင်ငံတွင် တွေ့ရှိထားသည်။
ကျန်းမာသည့်အပင်ကို ရောဂါသယ်ဆောင်ဖြုတ်ပိုးက အစာစုပ်ယူရာမှ အစာစည်း ဆဲလ်များအတွင်းသို့ ဖိုင်တိုပလာစမာသက်ရှိ ရောက်ရှိသွားပြီး ရောဂါဖြစ်စေသည်။ ၎င်းအပင်ကို အခြားဖြုတ်ပိုးက အစာစုပ်ယူရာမှ တစ်ဆင့် ၎င်းခန္ဓာအတွင်း ဖိုင်တိုပလာစမာကို သယ်ဆောင်ပွားများထားသည်။ ယင်း နောက် ၎င်းဖြုတ်ပိုးသည် ထပ်မံ၍ ရောဂါမရှိသည့် အပင်ကို စုပ်ယူစားသုံးရာမှတစ်ဆင့် ရောဂါသည် တစ်ပင်မှတစ်ပင်သို့ ကူးစက်ပျံ့နှံ့ လျက်ရှိနေသည်။


(၅) တားဆီး ကာကွယ် နှိမ်နင်းသည့် နည်းလမ်းများ

သုသေသန တွေ့ရှိချက်များအရ နှမ်းပင်၏သက်တမ်း ခုနစ်ရက်မှ ၄၅ ရက်အတွင်း ဖြုတ်ပိုးကျရောက်ပါက ရောဂါကူးစက်မှုများပြီး အထွက်နှုန်းကို သိသာစွာ ထိခိုက်စေနိုင်သည်။ ၄၅ ရက် နောက်ပိုင်း သို့မဟုတ် ပန်းပွင့်ပြီးနောက် ပိုင်းတွင် ဖြုတ်ပိုးကျရောက်ပါက ရောဂါကူးစက်နိုင်သော်လည်း အထွက်နှုန်းကို သိသာစွာ မထိခိုက်စေပါ။ သို့သော် ရောဂါကျအပင်မှ နှမ်းစေ့များကို သေးငယ်စေသည်။

 

(က) စိုက်ပျိုးနည်းစနစ်(စိုက်ချိန် ပြောင်းခြင်း)

ဖြုတ်ပိုးအရေအတွက်များသည့်အချိန်ကိုရှောင်၍ စောစိုက်ခြင်း သို့မဟုတ် နောက်ကျစိုက်ခြင်းဖြင့် ရောဂါကျရောက်မှု နှင့် ဖြုတ်ပိုးအရေအတွက်ကို လျှော့ချနိုင်သည်။

 

(ခ) ရောဂါကျအပင်များ ရှင်းလင်းဖယ်ရှားခြင်း

ရောဂါကျအပင်များကိုတွေ့လျှင် ချက်ချင်းအပင်တစ်ပင်လုံး သို့မဟုတ် ရောဂါကျ အပင်အစိတ်အပိုင်းကို ရှင်းလင်းခြင်းဖြင့် ရောဂါပြန့်ပွားမှုကို ထိရောက်စွာ လျှော့ချနိုင်သည်။ လေ့လာမှုများအရ ခံနိုင်ရည်မဲ့မျိုးသည် စိုက်ပျိုးပြီး ရက် ၃၀ အတွင်း ရောဂါလက္ခဏာများ ပြသသည်။ နှမ်းအပြင် အခြား ပေါင်းပင်များမှလည်း ရောဂါ တစ်ဆင့်ကူးစက်စေနိုင်သဖြင့် ဖယ်ရှားပေးရန် အရေးကြီးသည်။


(ဂ) ပိုးသတ်ဆေး အသုံးပြုခြင်း

စိုက်ပျိုးချိန်တွင် မျိုးစေ့ကို ပိုးသတ်ဆေး လူးနယ်စိုက်ပျိုးခြင်း၊ ပင်လုံးပြန့် ပိုးသတ်ဆေးဖျန်းပေးခြင်းဖြင့် ဖြုတ်ပိုးကို ကာကွယ်တားဆီးနိုင်သဖြင့် စိုက်ပြီး ၃၀၊ ၄၀၊ ၆၀ ရက်များတွင် ဆေးဖျန်းနိုင်သည်။ ဆေးဖျန်းစမ်းသပ် ချက်များအရ ဆေးမဖျန်းပါက ရောဂါ ရှစ်ဆ ပိုမို ဖြစ်ပွားစေနိုင်သည်။ နှမ်းပင်မရိတ်သိမ်းမီ ၄၅ ရက် အလိုတွင် ဓာတုဆေးဖျန်းခြင်းကို တားမြစ်ထားသည်။

 

(ဃ) ခံနိုင်ရည်ရှိမျိုးများ အသုံးပြုခြင်း

ဖြုတ်ပိုးဒဏ်ကိုခံနိုင်သည့်မျိုးများ အသုံးပြုခြင်းဖြင့် ရောဂါပြန့်ပွားမှုကို လျှော့ချနိုင်သည်။

 

(၆) အထွက်နှုန်းဆုံးရှုံးမှု

သုတေသနတွေ့ရှိချက်များအရ နှမ်းပင် ပန်းခိုင် ၁၀ ခိုင်တွင် နှမ်းဖိုတစ်ခိုင် ဖြစ်ပါက ၁ ဧကလျှင် တစ်တင်းခန့် ဆုံးရှုံးစေနိုင်သည်။ နှမ်းစိုက်ဧရိယာ ၁၀ ဧကရှိလျှင် ဆုံးရှုံးမှုသည် (၁၀ ဧက x ၁ တင်း = ၁၀ တင်း)ဖြစ်ပြီး တစ်တင်းကို ကျပ် ၆၀၀၀၀(ခြောက်သောင်း)ရောင်းရလျှင် ၁၀ ဧကအတွက် ကျပ် ၆၀၀၀၀၀ (ခြောက်သိန်း) ဆုံးရှုံးစေမည်။ နှမ်းဖို အခိုင်အရေအတွက် တိုးလာသည်နှင့် အမျှ ဆုံးရှုံးမှုသည်လည်း တိုးလာမည်သာဖြစ်သည်။


အကျဉ်းချုပ်ရသော် နှစ်စဉ်နှစ်တိုင်း တဖြည်းဖြည်း နှမ်းဖိုရောဂါအဖြစ် များလာရသည့် အကြောင်းအရင်းသည် နှမ်းဖိုရောဂါကို ခံနိုင်ရည်မဲ့သည့်မျိုး (အထူးသဖြင့် ဖြုတ်ပိုးကြိုက်သည့် နှမ်းမျိုး)ကို စိုက်ဧကများများတွင် နှစ်စဉ် နှစ်တိုင်း ဆက်တိုက် စိုက်ပျိုးလာခြင်းကြောင့် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ဖြုတ်ပိုးသည် ဖိုင်တိုပလာ စမာသက်ရှိကို စဉ်ဆက်မပြတ် ပွားများထားသလို ဖြစ်နေခြင်းဖြစ်သည်။ ထို့အပြင် ရာသီဥတုပူနွေးလာခြင်း သည်လည်း ဖြုတ်ပိုးအရေအတွက်ကို ပိုမိုပွားများလာအောင် အားပေးနေခြင်းဖြစ်သည်။

 

ချက်ချင်းရှင်းလင်းရန် အရေးကြီး

ဖြုတ်ပိုးအရေအတွက်များခြင်းနှင့်အတူ နှမ်းဖိုရောဂါ ဖြစ်ပွားစေသော သက်ရှိသည်လည်း နေရာအနှံ့ရောက်ရှိ ကူးစက်ပျံ့နှံ့နေခြင်းဖြစ်သောကြောင့် ယခုအချိန်မှစပြီး နှမ်းဖိုအပင်များကို တွေ့သည့်နေရာ၌ တွေ့သည့်အချိန်တွင် ချက်ချင်းရှင်းလင်းပေးကြရန် အလွန့်အလွန် အရေးကြီးပါကြောင်းနှင့် နှမ်းစိုက်တောင်သူများ တစ်ယောက်မှ တစ်ယောက် သတင်းစကားပါးရင်း ကာကွယ်ရန် လိုအပ်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။    ။