တောင်ဥက္ကလာပ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒုတိယမြောက် Quarantine Center ဖွင့်လှစ်

ရန်ကုန်  ၂၀  စက်တင်ဘာ        

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ကြီးကြပ်၍  ဒုတိယမြောက် Quarantine Center ကို အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်း၌ ယမန်နေ့ ညနေပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြသည်။

 

ထိုကဲ့သို့ ဖွင့်လှစ်ထားရှိရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများပူးပေါင်း၍ Center ၌ သောက်ရေသန့်၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ခုတင်များမှအစ လိုအပ်မှုများကို ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိပြီး စားသောက်ရေးအတွက်လည်း အလှူရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အလှူရှင်များလည်း လိုအပ်လျက် ရှိသည်။

 

လှူဒါန်းလိုပါက မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

အဆိုပါ Quarantine Center တွင် မြို့နယ်အတွင်းနေ ကိုဗစ်-၁၉ ရောဂါ Positive လူနာများနှင့် ထိတွေ့သော မိသားစုများအား ထားရှိမည်ဖြစ်ပြီး အမှတ်(၅)ရပ်ကွက်၊ (၇)ရပ်ကွက်၊ (၁၀) ရပ်ကွက်၊ (၁၃) ရပ်ကွက်နှင့် (၁၅)ရပ်ကွက်များမှ စောင့်ကြည့်လူဦးရေ (၄၉) ဦး နှင့် ကူညီလုပ်ကိုင်ပေးသူ (၁၁) ဦး ထားရှိမည်ဖြစ်ကြောင်း သိရသည်။

 

နေထက်အောင်