တေလာဆွစ်၏ ရှစ်ခွေမြောက် အယ်လ်ဘမ်အသစ်ထွက်

၂၅  ဇူလိုင်

အဆိုတော်တေလာဆွစ်ဟာ အခုသီတင်းပတ်အတွင်းမှာပဲ သူ့ရဲ့အယ်လ်ဘမ် အသစ်ကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီအယ်လ်ဘမ်သစ်ထဲမှာ တေလာဆွစ် တစ်ယောက်တည်း ရေးသားပြီး အသံသွင်းထားတဲ့သီချင်းတွေလည်း ပါဝင် ပါတယ်။

Folklore လို့ အမည်ပေးထားတဲ့ အယ်လ်ဘမ်ဟာ တေလာဆွစ်ရဲ့ ရှစ်ခွေမြောက် စတူဒီယိုအယ်လ်ဘမ်ဖြစ်ပြီး ဇူလိုင် ၂၃ ရက် နံနက်ပိုင်းမှာပဲ အယ်လ်ဘမ်အသစ်ထွက်ရှိမယ့်နေ့ကို ရုတ်တရက်ထပြီး ကြေညာလိုက်တာပါ။

အခုနှစ် နွေရာသီအတွင်း စီစဉ်ထားသမျှအရာတွေ အဆင်မပြေစွာနဲ့ပဲ အဆုံးသတ်ခဲ့ရတယ်လို့ တေလာဆွစ်က ပြောပါတယ်။ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ အယ်လ်ဘမ်ဖြစ်တဲ့ Lover ဆိုတဲ့ အယ်လ်ဘမ်အတွက် နယ်လှည့် ဖျော်ဖြေပွဲကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ Folklore အယ်လ်ဘမ်မှာတော့ တေလာဆွစ်ရဲ့ စိတ်ကူးစိတ်သန်းတွေ၊ အိပ်မက်တွေ၊ ကြောက်ရွံ့မှုတွေနဲ့ အနုပညာဖန်တီးမှုတွေ အကုန်လုံးပါဝင်တယ်လို့ တေလာဆွစ်က ပြောပါတယ်။

သီချင်းတွေကိုတစ်ယောက်တည်းရေး၊ တစ်ယောက်တည်း အသံသွင်းလုပ်ခဲ့ပေမယ့် ဘွန်အိုင်ဗာလို သူနဲ့ သီချင်းတွဲဖက်ရေးတဲ့ တေးရေးဆရာတွေဆီက အကူအညီလည်း ရယူခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

စကိုင်းနယူးစ်