တီးတိန်၌ ၂၀၂၀ ပြည့်နှစ် ရိုးရာခွာဒိုပွဲအထိမ်းအမှတ် စာပေနှင့် အားကစားပြိုင်ပွဲဝင်ဆုရရှိသူများ ဆုချီးမြှင့်

တီးတိန်    ၃၁  အောက်တိုဘာ  

ချင်းပြည်နယ်၊ တီးတိန်မြို့၌ မြို့နယ်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ ကြီးမှူးကျင်းပသည့် ရိုးရာခွာဒိုပွဲ အထိမ်းအမှတ် စာပေနှင့် အားကစားပြိုင်ပွဲကို အောက်တိုဘာ ၂၉ ရက်တွင် ပြုလုပ်ခဲ့ရာ ဆုရရှိသူများအား ယနေ့ နံနက် ၁၁ နာရီက Timothy Bible School ခန်းမ၌ ဆုချီးမြှင့်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်နှင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲဝင် ဆုရရှိသူများ၊ ထက်၊ လယ်၊ မူ အဆင့်ပန်းချီပြိုင်ပွဲ၊ ထက်၊ လယ်အဆင့် စာစီစာကုံးပြိုင်ပွဲ၊ အထက်တန်းအဆင့် ရိုးရာဇိုလိုင်းပုံပြင်ပြော၊ အထက်တန်းအဆင့် မြန်မာပုံပြင်ပြောနှင့် အထက်တန်းအဆင့် အင်္ဂလိပ်ပုံပြင်ပြောပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်ဆု ရရှိသူများအား တာဝန်ရှိသူတို့က ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

ရိုးရာခွာဒိုပွဲသည် နှစ်စဉ်ကျင်းပမြဲဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ယခုနှစ်တွင် စည်ကားစွာမကျင်းပနိုင်၍ ယခုလိုသာ ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း တီးတိန်မြို့နယ် စာပေနှင့် ယဉ်ကျေးမှုအသင်းအတွင်းရေးမှူး ဦးဂိုခန့်ပေါင်ထံမှ သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)