တိမ်ပင်လယ်အလှတွေနဲ့ ပြည့်နက်လှတဲ့ ချင်းတောင်တန်းဆီသို့

ဆလိုင်းအောင်လျန်

 

ချင်းပြည်နယ်ဟာ ယခင်လမ်းပန်းဆက်သွယ်မှု မကောင်းတာကြောင့် ခရီးသည် ဝင်ရောက်မှု အလွန်နည်းပါးပြီး ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် ပြည်နယ်အစိုးရက လမ်းပန်းဆက်သွယ်ရေးကို အဓိကဦးစားပေးပြီး တစိုက်မတ်မတ် လုပ်ဆောင်လာသည်နှင့်အမျှ အာစီလမ်း၊ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ ကျောက်ချောလမ်း၊ မြေနီလမ်းများခင်းကာ ယခင်က ၁၀ နာရီကြာ မောင်းနှင်သည့်ကားလမ်းမှာ ယခုအခါ ခြောက်နာရီ မောင်းနှင်နိုင်သည့် မော်တော်ကားလမ်းအဆင့်သို့ ရောက်ရှိလာပြီး ခရီးသည်တွေလည်း ယခင်နှစ်များထက် တဖြည်းဖြည်း ဝင်ရောက် လည်ပတ် လာကြသည်ကို မြင်တွေ့ရပါသည်။

 

မြို့နယ်များ ပြည်နယ်အစိုးရ၏ ရုံးစိုက်ရာမြို့တော်မှာ ဟားခါးမြို့ဖြစ်ပြီး ခရိုင်လေးခရိုင်၊ မြို့နယ် ကိုးမြို့နယ်၊ မြို့ ၁၁ မြို့တို့ဖြင့် ဖွဲ့စည်းထားသည်။ မြို့နယ်များမှာ ခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝမြို့နယ်၊ မြို့များမှာဆမီး၊ ရေဇာ၊ ကျီးခါး၊ ရိခေါဒါရ်၊ လိုင်လဲပီး၊ ခိုင်ကမ်း၊ မကွီအိမ်နူး၊ ကျင်းဒွေး၊ နှရိန်၊ ဝေဘူလ၊ ဆူးရ်ခွါမြို့တို့ဖြစ်သည်။

 

ရရာသီဥတု နွေမိုးဆောင်းရာသီရှိပြီး အမြင့်ဆုံးအပူ ချိန်မှာ ၃၅ ဒီကရီစင်တီဂရိတ်နှင့် အနိမ့်ဆုံး အပူချိန်မှာ ၆ - ၈ ဒီကရီစင်တီဂရိတ်ထိ ရှိသည်။ ဟားခါးမြို့သည် အမြင့်ဆုံးအပူချိန် ၂၈ - ၃၀ ဒီကရီစင်တီဂရိတ်နှင့် အနိမ့်ဆုံးမှာရေခဲမှတ် အနုတ်သုညမှ နှစ်ဒီကရီစင်တီဂရိတ်ထိရှိသည်။ ပလက်ဝမြို့၏ အမြင့်ဆုံးအပူချိန်မှာ ၃၇ - ၃၉ စင်တီဂရိတ်၊ အနိမ့်ဆုံးမှာ ၁၃ - ၁၅ ဒီကရီစင်တီ ကရိတ်ထိ ရှိသည်။ မိုးရာသီတွင် မိုးအလွန်များပြီး ရာခိုင်နှုန်းပြည့်ကျော်လွန်ကာ မိုးရွာသွန်းမှုကြောင့် မြစ်ချောင်း အင်းအိုင်များကြီးခြင်း၊ တောင်များပြိုခြင်း၊ မြေပြိုမှုများဖြင့် အမြဲရင်ဆိုင် ကြုံတွေ့ရလေ့ရှိသည်။

 

လူဦးရေနှင့် ဘာသာရေး

 

၂၀၁၄ သန်းခေါင်စာရင်းအရ ၄၇၈၈၀၁ ဦးရှိပြီး လက်ရှိတွင် ၅၇၀၀၀၀ ခန့်ထိ ရှိမည်ဟု ခန့်မှန်းထားကြသည်။ အများစုမှာ ခရစ်ယာန်ဘာသာ ကိုးကွယ်ကြပြီး ၈၅ ဒသမ ၄ ရာခိုင်နှုန်း၊ ဗုဒ္ဓဘာသာ ၁၃ ရာခိုင်နှုန်း၊ Laipian ၁ ဒသမ ၁ရာခိုင်နှုန်း၊ ရိုးရာ သုည ဒသမ ၄ ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာ သုည ဒသမ ၁ ရာခိုင်နှုန်း အသီးသီး ကိုးကွယ်ယုံကြည်ကြသည်။

 

အထင်ကရနေရာများ

 

ခေါ်နူးစုမ်တောင်၊ လေသာတောင်ခေါ် ကနေဒီတောင်၊ ကီမိုတောင်၊ ရိဒ်ရေကန်၊ အေွကြည်ကန်၊ ဘုံတလာရေတံခွန်၊ ခိုင်ကမ်း ဆင်စခန်းစသည်တို့သည် ခရီးသွားများအတွက် ဆွဲဆောင်နိုင်သည့် နေရာများဖြစ်သည်။

 

ရိုးရာယဉ်ကျေးမှုနှင့်စာပေဘာသာစကား

 

ချင်းလူမျိုးများသည် မျိုးနွယ်စုအလိုက် ကိုယ်ပိုင်ဘာသာစကား အသီးသီးနှင့် ရိုးရာယဉ်ကျေးမှု အသီးသီး ပိုင်ဆိုင်ခဲ့ကြသည်။ ပွဲလမ်းသဘင် အထင်ကရများမှာ ရာသီအလိုက် ကောက်သစ်စားပွဲတော်ကို မိမိဘာသာစကား အလိုက်နဲ့ ကျင်းပခဲ့ကြသည်။ ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်တစ်ပြည်နယ်လုံး ဖေဖော် ဝါရီ ၂၀ ရက်တွင် ကျင်းပခဲ့ကြသည်။ ။

           

ခရီးသွားဒိုင်ယာရီ

 

“ကျွန်တော်ကတော့ ခရီးသွားရင် ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းသွားရမှ ဘဝအတွက်မမေ့နိုင်လောက်တဲ့ ဒိုင်ယာရီ ကျန်ရစ်သည့်နေရာမျိုးကို ရွေးချယ်တတ်တာမို့ ကချင်ပြည်နယ် မြောက်ပိုင်းအစွန် ခေါင်လန်ဖူးတို့ ရေခဲတောင်ရှိတဲ့ ပန်ဝါတို့ကို အထူးစိတ်ဝင်စားတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာဆိုရင် နာဂတောင်တန်းလိုမျိုးတွေကို ပိုစိတ်ဝင်စားခဲ့ပါတယ်။ ကျွန်တော်ရဲ့ ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံးခရီးသွား မှတ်တမ်းကတော့ ချင်းပြည်နယ် တစ်ခွင်ကို ဖော်ပြလိုက်ချင်ပါတယ်။

 

ရန်ကုန်ကနေ ကလေးမြို့ကို လေယာဉ် စီးပြီးသွားမယ်ဆို တီးတိန်မြို့၊ ဖလမ်း၊ ဟားခါး မြို့ရောက်ပြီး အပြန်ကျရင် ဟားခါးကနေ ပခုက္ကူ - ပုဂံလည်ပတ်ဘုရားဖူးပြီး ရန်ကုန်ပြန်လို့ရတဲ့ ခရီးစဉ်တစ်ခု ဖော်ပြချင်ပါတယ်။ ဒီခရီးစဉ်မှာ ကလေးမြို့ရောက်တာနဲ့ ကားစီးလုံးရင် ပင်လယ်ရေမျက်နှာပြင် ၈၈၆၈ ပေရှိတဲ့ ကနေဒီခေါ် လေသာတောင်ဟာ တကယ့်ကို ထူးခြားလှတဲ့ တောင်တန်းဖြစ်သလို ချင်းပြည်နယ်မှာ ဒုတိယအမြင့်ဆုံး တောင်တန်း တစ်ခုဖြစ်တယ်။ တောင်ထိပ်မှာတော့ တောင်ကတုံးတွေ ဖြစ်ပေမယ့် တောင်ဇလပ်တို့ သစ်ခွပန်းမျိုးစုံ မမြင်ဖူးတဲ့ တောတိရစ္ဆာန်ငှက်မျိုးစုံ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဆောင်းရာသီဆိုရင် တောင်ဇလပ်ပန်းတွေ တစ်တောင်လုံး နီရဲဖွင့် လျက်ရှိတယ်။ နှစ်ရာချီသစ်ပင်များလည်း မြင်တွေ့ရမှာဖြစ်တယ်။ တောင်ထိပ်ရောက်လေ သစ်ပင်တွေက ပုလေလေအပင်တွေ မြင်တွေ့ရမယ်။ ကနေဒီတောင် လည်ပတ်လို့ အပြီးမှာတော့ မြန်မာပြည်ရဲ့ အသည်းနှလုံးကန်ဟု တင်စားရတဲ့ ရိဒ်ရေကန်လည်း လမ်းကြောင်း တစ်ခုမှာ လည်ပတ်ရမယ်ဖြစ်တယ်။ ရိဒ်ရေကန် ရောက်ပြီးဆိုရင် အိန္ဒိယနိုင်ငံ ဧည့်ဗီဇာနဲ့ အလည် အပတ်ဈေး ဝယ်ပြီးရင် ချင်းပြည်နယ်ပထမဆုံး မြို့တော်အဖြစ် ရုံးစိုက်ခဲ့တဲ့ ချယ်ရီမြို့ဖြစ်တဲ့ ဖလမ်းမြို့ကို ရောက်ရှိသွားမှာ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ပင်လယ်ရေမျက်နှာပြင် အမြင့်ဆုံး လေယာဉ်ကွင်း ဆူဘုရ်လေယာဉ်ကွင်း သွားရောက်လည်ပတ်ပြီး တောင်အလှတွေများစွာနဲ့ လေယာဉ်ကွင်းကို တိမ်ပင်လယ်အပေါ်မှာ ဆိပ်ကမ်းကဲ့သို့မြင်ရသည့် မြင်ကွင်းများမှာ ဘယ်မှာမှမမြင်ဖူးတဲ့ အလှကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဖလမ်းမြို့ဆိုရင်လည်း ချယ်ရီမြို့ဟု တင်စားခံရပြီး တောင်ကမ်းပါးရံမှာ တည်ဆောက်ထားတဲ့ ရှေးမြို့တော်ဟောင်းမှာ အလွန်ပင် အသည်းယားစရာအဖြစ် ခံစားရပါတယ်။ ဖလမ်းပြီးရင် ဟားခါးမြို့ကတော့ မြို့တော်မို့ အမေရိကန်သမ္မတ အိမ်ဖြူတော်ကဲ့သို့ တစ်မြို့လုံးထင်းထင်းနဲ့ တည်ဆောက်ထားတဲ့ လွှတ်တော် အဆောက်အအုံကြီးဟာ ခမ်းနားထည်ဝါလှပြီး ဟားခါးမြင်ကွင်းပေါ်ကနေ ကြည့်လိုက်ရင် တစ်မြို့လုံး ပင်လယ်ထဲ မြုပ်လုဆဲဆဲ ဖြစ်တဲ့အလှတွေမြင်ရမှာဖြစ်ပါတယ်။ ချင်းတို့ရိုးရာ ဓလေ့၊ ရှေးဟောင်းရတနာသိုက် များစွာကိုမြင်ရမှာ ဖြစ်ပါတယ်။ ဟားခါးမြို့ အလည်အပတ်ပြီးလို့ မနက် ၈ နာရီထွက်ရင် ပုဂံကို ညနေ ၆နာရီရောက်ကာ မနက်ဘုရားတွေဖူးပြီး လေယာဉ်နဲ့ ရန်ကုန်ပြန်လို့ရပါတယ်။ ။

 

ဒီခရီးစဉ်ကတော့ နာမည်ကျော် ခေါ်နူးစုမ်တောင် အမျိုးသားဥယျာဉ်နှင့် ဘုံတလာရေတံခွန် အဓိကထား လည်ပတ်ရမှာ ဖြစ်ပါတယ်။ ရန်ကုန်ကနေ ပုဂံကိုလေယာဉ်စီးပြီး ပုဂံကနေ မတူပီကို ကားတစ်စီး ငှားသွားမယ်။ နောက်နေ့ ဘုံတလာရေတံခွန်ကို အစောကြီးသွားပြီး မင်းတပ်မြို့ကို ချက်ချင်းလှည့်ကာ မင်းတပ်မှာ ခေါင်ရည်နဲ့ ပင်ပန်းသမျှ ဇိမ်ခံနားလို့ရမယ်။ မင်းတပ်ကနေ နာမည်ကျော် ခေါ်နူးစုမ်တောင် အမျိုးသားဥယျာဉ် ပင်လယ်ရေမျက်နှာပြင် အမြင့် ၁၀၂၀၀ မြင့်ပြီး တောင်ဇလပ်၊ သစ်ခွမျိုးစုံ၊ နှစ်ရာချီအပင်ကြီးများ၊ အပင်ပေါင်းမျိုးစုံ၊ တောတိရစ္ဆာန်အမျိုးမျိုးနှင့် ဆေးဖက်ဝင်အပင်များလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ချယ်ရီအလှတွေနှင့် တောင်ဇလပ် ဖြူနီဝါပြာတွေကို မြင်ရတယ်။ တိမ်ပင်လယ် အလှတွေ မြင်ရမယ်။ အာဆီယံ အမွေအနှစ်ရ မြေသားတွေနဲ့ ဖွဲ့စည်းထားတဲ့တောင်လည်း ဖြစ်သလို ချင်းပြည်နယ်မှာ အမြင့်ဆုံး တောင်လည်း ဖြစ်တယ်။ ခေါ်နူးစုမ်တောင်လည်ပတ်လို့ အပြီးမှာတော့ ကန်ပက်လက်မြို့ကနေ ပုဂံကို ဘုရားဖူးပြီး ရန်ကုန်ပြန်သွားရပါတယ်။

 

ဒီခရီးစဉ်ကတော့ ညောင်ဦးနှင့် ကီမိုတောင်တို့ ဖြစ်ပါတယ်။ ညောင်ဦးက ရှေးဟောင်းဘုရား စေတီပုထိုးတွေကို လေ့လာပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်ရဲ့ အထင်ကရဖြစ်တဲ့ ကီမိုတောင်ကိုသွားပါတယ်။ ကျွန်တော်ကတော့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ သွားရောက် လည်ပတ်ခဲ့ပါတယ်။ ။

 

ရောက်လေရာတိုင်းမှာ လမ်းပန်းဆက်သွယ်ရေးကောင်းလာရင် နောင် ၁၀ နှစ် ဆိုရင် ခရီးသွားလို့ အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်ပါတယ်။”

 

ချင်းပြည်နယ်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများသည် ပြည်ထောင်စု၏ ခွဲဝေဘတ်ဂျက် အခြေအနေကြောင့် ထင်သလောက် ခရီးမပေါက်၍ ပြည်ထောင်စု အစိုးရအနေဖြင့်လည်း တစ်နှစ် ဘတ်ဂျက်ကျပ် ၇၀၀ ဘီလီယံခန့် သုံးစွဲခွင့်ပြုမည်ဆိုလျှင် ၁၀ နှစ်အတွင်း တိုးတက် အအောင်မြင်ဆုံးသော ပြည်နယ်နှင့် ခရီးသွားလုပ်ငန်း အပေါက်မြောက်ဆုံးဖြစ်လာပြီး ဒေသခံများ အလုပ်အကိုင် ပိုမိုရရှိပြီး ဒေသခံလုပ်ငန်းရှင်များစွာ ပေါ်ထွက်လာမည်ဖြစ်သည်။ ။

ချင်းပြည်နယ် တောင်တန်းဒေသတွင် တိမ်ပင်လယ်အလှ ကြည့်ရှုခံစားချင်သူများ ကင်မရာကောင်းကောင်း သယ်ဆောင်ဖို့လိုပါမည်။ အခြေခံအဆောက်အအုံ (လမ်းတံတား၊ ဆေးရုံ၊ စာသင်ကျောင်း)  အတွက်လည်း အလှူရှင်များစွာ လိုအပ်နေသေးကြောင်းနှင့် ပြည်ထောင်စုတွင် အတူတကွဖေးမရင်း အလှူရှင်များကို ဖိတ်ခေါ်အပ်ပါသည်။

 

ကြေးမုံ