တိုက်ကြီးမြို့နယ် ဂျိုးဖြူကျေးရွာအနီး အထည်ချုပ်စက်ရုံဝန်ထမ်းကြို/ပို့ယာဉ် မီးလောင်မှုဖြစ်ပွား လူထိခိုက်မှုမရှိ

ရန်ကုန်  ၁၈  စက်တင်ဘာ

 

ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ဂျိုးဖြူကျေးရွာ မိုင်တိုင်အမှတ်(၅၂)မိုင် (၄)ဖာလုံ အနီး ယနေ့ နံနက်(၆)နာရီခန့်က အထည်ချုပ်စက်ရုံ ဝန်ထမ်းကြို/ ပို့ယာဉ်(၁)စီး မောင်းနှင်နေစဉ် အင်ဂျင်အပူရှိန်လွန်ကဲကာ မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းအရ တိုက်ကြီးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ အချိန်မီသွားရောက်ငြှိမ်းသတ်နိုင်ခဲ့ကြောင်း အဆိုပါမီးသတ်စခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ "ဝမ်ဟီး"အထည်ချုပ်စက်ရုံ၏ဝန်ထမ်းကြို/ပို့ယာဥ်သည် ဥက္ကံဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာစဉ်တိုက်ကြီးမြို့နယ် ဂျိုးဖြူကျေးရွာ မိုင်တိုင်အမှတ်(၅၂)မိုင်၊(၄)ဖာလုံအနီးတွင် မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းအရတိုက်ကြီးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်မှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်ဦးမှ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်(၁၂)ဦးနှင့်အတူမီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး တို့ဖြင့်ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက်  ၆နာရီ ၂၂ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၆ နာရီ ၂၇ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

 

ယင်းမီးလောင်မှုဖြစ်စဉ်တွင် အင်ဂျင်အပူလွန်ကဲပြီး ဒိုင်နမိုကြိုးကာဘာ ပျော်ကျကာ ဝါယာကြိုးများမှ စတင်လောင်ကျွမ်းခဲ့ကြောင်းစစ်ဆေးတွေ့ရှိရပြီးကားမှန်နှင့်ဆိုဖာထိုင်ခုံများ၊ရှေ့လေကာမှန်နှင့်ဘေးမှန်များ၊ (DashBord)များ မီးလောင်ခံ ဆုံးရှုံးခဲ့ကြောင်း တိုက်ကြီးမြို့နယ် မီးသတ်စခန်းမှ သိရသည်။

 

"ယာဉ်ပေါ်မှာ လူ မပါသေးပါဘူး၊ ယာဉ်မောင်းတစ်ယောက်ထဲပါ၊ သွားမှာက မှော်ဘီမြောင်းတကာ ကိုသွားမှာ၊ လမ်းမှာ ဥတိုဘက်က စက်ရုံဝန်ထမ်းတွေကို တင်ဆောင်ရမှာလို့သိရတယ်၊ လူအသေအပျောက်တော့မရှိပါဘူး၊ ယာဉ်အမျိုးအစားက FUSO Express မှန်လုံယာဉ်ပါ" ဟု တိုက်ကြီးမြို့မ ရဲစခန်းမှ ဒုတိယ ရဲမှူးမြင့်ဇော် ပြောသည်။

 

မျိုးမင်းသိန်း(မရမ်းကုန်း)

 

mdn