တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ဖြစ်ပွားကူးစက်မှု အခြေအနေနှင့် တစ်ပြည်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေသော ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလူထုလှုပ်ရှားစီမံချက် ဆောင်ရွက်နေမှုများအား အသေးစိတ်တင်ပြဆွေးနွေးခြင်း အစည်းအဝေးကျင်းပ

နေပြည်တော် ၂၈  နိုဝင်ဘာ 

တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ဖြစ်ပွားကူးစက်မှု အခြေအနေနှင့် တစ်ပြည်လုံး အတိုင်းအတာဖြင့် ရောဂါဖြစ်ပွားမှုများသော မြို့နယ်များအားလုံး၌ ဆောင်ရွက်နေသော ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှား စီမံချက် ဆောင်ရွက်နေမှုများအား အသေးစိတ် တင်ပြဆွေးနွေးခြင်း အစည်းအဝေးကို ယမန်နေ့က   ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာကြသူများအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု အခြေအနေနှင့် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှား စီမံချက် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အသေးစိတ် သုံးသပ်တင်ပြ ဆွေးနွေးစေလိုပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုမှ ကောင်းမွန်သည့် ဆောင်ရွက်ချက်များကို အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ အမြန်ဆုံး အတုယူလုပ်ဆောင် နိုင်ရန်အတွက် ယခုကဲ့သို့ အစည်းအဝေးပြုလုပ်ခြင်းဖြစ်ပါကြောင်း။

တိုင်းဒေသကြီး/ ပြည်နယ်အလိုက်  ပထဝီနေရာဒေသ အခြေအနေ၊ ပြည်တွင်း/ ပြည်ပ ဝင်ထွက်ပေါက်များ အခြေအနေ၊ ရောဂါကူးစက် ပျံ့နှံ့မှုအခြေအနေ၊ ကျန်းမာရေးလူ့စွမ်းအား အပါအဝင် အရင်းအမြစ်များ အခြေအနေ အရပ်ရပ်တို့သည် တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုနှင့်တစ်ခု မတူညီခြင်းကြောင့် တစ်သမတ်တည်း တူညီသော လုပ်ငန်းနည်းဗျူဟာဖြင့် ဆောင်ရွက်၍ မရပါကြောင်း၊ မဟာဗျူဟာ အနေနှင့်မူ တူညီရမည်ဖြစ်ပါကြောင်း။

ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ နိုင်ငံတကာတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပျံ့နှံ့မှုပုံသဏ္ဍာန်၊ လူနာသေဆုံးမှုစသည့် အခြေအနေများအား ဆန်းစစ်သုံးသပ်ချက်များ နေ့စဉ်ပြုလုပ်လျက်ရှိပြီး အဆိုပါ ဆန်းစစ် သုံးသပ်ချက်များအား တိုင်းဒေသကြီး/ ပြည်နယ်များမှ အချိန်နှင့်တပြေးညီ လေ့လာသုံးသပ်ကာ ပြည်သူ့ကျန်းမာရေးနှင့် ဆေးရုံများ၌ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးချစေလိုပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုချင်းအလိုက်လည်း အနုစိတ် ဆန်းစစ်သုံးသပ်မှုများ အမြဲတမ်း လုပ်ရမည်ဖြစ်ပြီး နည်းဗျူဟာများကို လိုအပ်သလို ပြုပြင်မွမ်းမံကာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဤရောဂါကို ထိန်းချုပ်ရာ၌ တစ်သမတ်တည်း တစ်ပုံစံတည်း ပုံသေဆောင်ရွက်၍ မရပါကြောင်း။

ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် အခြေခံကျန်းမာရေး ဝန်ထမ်းပညာရှင်များ၏ အမြင်ရှုထောင့်များနှင့် တင်ပြချက်များကိုလည်း အလေးထားကာ ရယူစဉ်းစား ဆောင်ရွက်ကြရန်မှာ အရေးကြီးပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အမြန်ဆုံး ကျဆင်းသွားစေရန်အတွက် လုပ်ငန်းများအား ဝန်ကြီးဌာနအနေဖြင့် လုပ်ဆောင်သင့်သည်များကို အတတ်နိုင်ဆုံး ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ ပါဝင်မှုရရှိရန် အဓိကထား ဆောင်ရွက်မှသာလျှင် အောင်မြင်မည်ဖြစ်ပါကြောင်း။

တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လက်တွေ့မြေပြင်တွင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးကဏ္ဍမှ ဝန်ထမ်းများ ဆောင်ရွက်နေမှု လုပ်ငန်းမှတ်တမ်း ဓာတ်ပုံများကို အများပြည်သူသိရှိနိုင်စေရန်အတွက် ဝန်ကြီးဌာန၊ လူမှုကွန်ရက်စာမျက်နှာ၌ ယနေ့အတွက်ဓါတ်ပုံကဏ္ဍ ခေါင်းစဉ်ဖြင့် နေ့စဉ်ဖော်ပြလျက်ရှိပါကြောင်း၊ လက်ရှိ၌ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆောင်ရွက်နေသည့် “ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှား စီမံချက်” ဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲနှင့် စိန်ခေါ်မှုများ၊ အဆိုပါအခက်အခဲများကို ဖြေရှင်းဆောင်ရွက်မှုများ၊ လိုအပ်ချက်များ စသည်တို့နှင့်ပတ်သက်၍လည်း အဓိကထား၍ အသေးစိတ် ဆွေးနွေးကြစေလိုပါကြောင်း။

အဆိုပါ စီမံချက်ဆောင်ရွက်ရာတွင် “ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် အရေးအကြီးဆုံးသော အချက်မှာ ပြည်သူတစ်ဦးချင်းစီက ရောဂါကာကွယ်ရေး နည်းလမ်းများကို အလေးထားလိုက်နာရန် ဖြစ်သည်” ကို ပြည်သူများ သိရှိရေး အသိပညာပေးရန် ဖြစ်ပါကြောင်း။

ထိုသို့ အသိပညာပေးရာတွင် ကိုဗစ်-၁၉ ရောဂါသည် လျင်မြန်စွာ ကူးစက်နိုင်သည့်အချက်၊ ရောဂါလက္ခဏာ တစ်စုံတစ်ရာ မပြသဘဲ ရောဂါရှိသူများရှိနေပြီး ၎င်းရောဂါရှိသူများက အခြားလူအများထံ လျင်မြန်စွာ ထပ်မံရောဂါကူးစက်စေသည့် အချက်၊ ရောဂါသည် မည်သူမဆို ရောဂါ ဖြစ်ပွားနိုင်ပြီး ရောဂါပြင်းထန်မှုဖြစ်ချိန်တွင်မှ ဆေးရုံသို့လာပြပါက အသက်ဆုံးရှုံးနိုင်သည့်အချက်၊ ပါးစပ်နှင့် နှာခေါင်းစည်း တပ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းနှင့် တတ်နိုင်သမျှ မိမိနေအိမ်တွင်သာ နေထိုင်ခြင်းတို့ဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်နိုင်သည်ဆိုသည့် အချက်၊ ဖွံ့ဖြိုးတိုးတက်ပြီးသော နိုင်ငံကြီးများတွင် ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများကို မလိုက်နာကြသောကြောင့် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှု များပြားစွာရှိနေပြီး ဆေးရုံများနှင့် ကျန်းမာရေးဌာနများတွင် မနိုင်မနင်းဖြစ်နေသည် ဆိုသည့်အချက်တို့ကို အထူးအလေးထား ပြောကြားကြရမည်ဖြစ်ပါကြောင်း။

“ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားစီမံချက်” ဖြင့် ပါးစပ်နှင့် နှာခေါင်းစည်းဝေခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းများကို လူအများ အပြင်အထွက်များသည့်အချိန် နံနက်နှင့် ညနေများတွင် ကျန်းမာရေးနှင့် အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများ၊ ပရဟိတ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဈေးရောင်းချသူများတွင် ပါးစပ်နှင့်နှာခေါင်းစည်း (mask) နှင့် မျက်နှာအကာ (face shield) မတပ်ပါက ဈေးရောင်းချခွင့်မပြုရန်နှင့် ဈေးဝယ်သူများတွင် ပါးစပ်နှင့်နှာခေါင်းစည်း (mask) မတပ်ပါက ဈေးတွင်း ဝင်ခွင့်မပြုရန်တို့ကို သက်ဆိုင်ရာနှီးနွှယ်ဌာနများနှင့် ပူးပေါင်းကာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ဈေးဝယ်ယူသူများအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း (mask) နှင့် မျက်နှာအကာ (face shield) မတပ်ထားသော ဈေးရောင်းချသူများထံမှ ဈေးဝယ်ယူခြင်း မပြုကြရန်ကို အသိပညာပေး ရမည်ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်း မလိုက်နာသူများအား ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများတွင် လုပ်အားပေးပါဝင် ဆောင်ရွက်စေခြင်းမှာ ကောင်းမွန်ပါကြောင်း၊ အလားတူ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်း မလိုက်နာသူများအား သင့်တော်သော အရေးယူမှုများ ပြုလုပ်ရန် သက်ဆိုင်ရာ အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်စေလိုပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက  သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့နယ်အလိုက် ရောဂါဖြစ်ပွား ကူးစက်မှုနှင့် သေဆုံးမှုအခြေအနေ၊ ဆေးရုံများနှင့် ကိုဗစ်-၁၉ ကုသရေးဌာနများတွင် ကိုဗစ်-၁၉ လူနာများအား ကုသပေးနေမှုအခြေအနေ၊ အသွားအလာ ကန့်သတ်ထားရှိမှု အခြေအနေ၊ အနံ့ပျောက်သူများထားရှိ ကုသရာနေရာများတွင် ဆောင်ရွက်နေမှုအခြေအနေ၊ Rapid Antigen Diagnosis Test Kit ဖြင့် ဓာတ်ခွဲနမူနာများ စစ်ဆေးနေမှုနှင့် ဓာတ်ခွဲနမူနာများအား သက်ဆိုင်ရာ ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးနေမှု၊ ပြည်တွင်း/ ပြည်ပ ဝင်ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်း ဆောင်ရွက်နေမှု၊ အဝေးပြေးယာဉ်မောင်းများအား ကိုဗစ်-၁၉ စစ်ဆေးနေမှု၊ ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ထောက်ခံစာအတု ပြုလုပ်နေသူများအား အရေးယူထားမှုများ၊ အသွားအလာကန့်သတ်မှု စည်းကမ်းချိုးဖောက်သူများအား အရေးယူထားမှုများ၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ပရဟိတများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ကျန်းမာရေးဝန်ထမ်းများ အလုပ်ဝန်ပိနေမှုနှင့် ကိုယ်စိတ်ပင်ပန်းနေမှု၊ ပရဟိတ စေတနာ့ဝန်ထမ်းများ ယခင်ကနှင့် နှိုင်းယှဉ်လျှင် နည်းပါးလာမှု၊ အကျဉ်း ထောင်နှင့် အချုပ်များတွင် ရောဂါကူးစက်မှု အခြေအနေ၊ Fever clinic များဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲနှင့် စိန်ခေါ်မှုများနှင့် လိုအပ်ချက်များ၊ “ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှား စီမံချက်” ဆောင်ရွက်နေမှုအခြေအနေ၊ ဈေးများတွင် ဈေးရောင်းသူနှင့် ဈေးဝယ်သူများသည် ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ထမ်းများ ရှိနေချိန်တွင် ပါးစပ်နှင့် နှာခေါင်းစည်းနှင့် မျက်နှာအကာများကို ဝတ်ဆင်သော်လည်း၊ ကျန်အချိန်များတွင် လိုက်နာဆောင်ရွက်ခြင်း အားနည်းမှု၊ လုပ်ငန်းဆောင်ရွက်ရန်အတွက် လိုအပ်ချက်များ စသည်တို့ကို ဆွေးနွေးတင်ပြခဲ့ကြပြီး ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေး ဖြည့်ဆည်းပေးခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးမှုနှင့် အကြံပြုမှုများ ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယနေ့ အစည်းအဝေးတွင် တင်ပြချက်များနှင့် အကြံပြုချက်များသည် လက်တွေ့ကျပြီး ပြုလုပ်နိုင်သည့် အချက်များဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးများတွင် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများကို လုပ်ပိုင်ခွင့်အပြည့်အဝ ပေးအပ်ထားပြီးဖြစ်၍ အချိန်နှင့်တစ်ပြေးညီ ဆုံးဖြတ်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အချိန်တိုအတွင်း ထိရောက်အောင်မြင်မည်ဖြစ်ပါကြောင်း၊ မူဝါဒပိုင်းဆိုင်ရာနှင့် ဝန်ကြီးဌာနအဆင့်မှ ဖြည့်ဆည်းဆောင်ရွက်ရမည့် ကိစ္စရပ်များကိုသာ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်တင်ပြရန်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံကျန်းမာရေးပညာရှင် ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အရေးကြီးပြီး ၎င်းတို့၏ စွမ်းဆောင်ရည် ပိုမိုမြင့်မားစေရေးအတွက် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် ကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်ရန် အဓိကအကျဆုံးနှင့် အရေးအကြီးဆုံးမှာ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မှုနှင့် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်မှုတို့ဖြစ်ပါကြောင်း၊ ဈေးကြီးများတွင် ပါးစပ်နှင့်နှာခေါင်းစည်း (mask) နှင့် မျက်နှာအကာ (face shield) များအား သက်သာသော နှုန်းထားဖြင့် ရောင်းချသောဆိုင်များ ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း။

လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သည်များအား ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံး ဆက်လက် ဖြည့်ဆည်းပေးမည်ဖြစ်ပြီး ဝန်ကြီးဌာနအတိုင်းအတာနှင့် ဆောင်ရွက်နိုင်ခြင်း မရှိသည်များအား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ 

သတင်းစဉ်