တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များကို အခမဲ့ခွဲစိတ်ကုသ

နေပြည်တော်  ၁၅   ဒီဇင်ဘာ

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာနကဦးစီး၍ Smile Asia Medical Team နှင့် ကမ္ဘောဇဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်များအား အခမဲ့ခွဲစိတ်ကုသပေးမည့် အစီအစဉ်ကို ယနေ့နံနက်ပိုင်း မှစတင်၍ နေပြည်တော်ရှိ ခုတင်(၁၀ဝ၀) ပြည်သူ့ဆေးရုံကြီး၌ ခွဲစိတ်ကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

ဒီဇင်ဘာ ၁၈ ရက်အထိ (၄) ရက်ကြာ ခွဲစိတ်ကုသမှုလုပ်ငန်းများကို နေပြည်တော် ခုတင်(၁၀ဝ၀) ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် Smile Asia အဖွဲ့မှ ခွဲစိတ်ဆရာဝန်ကြီးများက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များကို အခမဲ့ခွဲစိတ်ကုသကြမည်ဖြစ်ပြီး အဆိုပါ အစီအစဉ်တွင် ပါဝင်ဆောင်ရွက်ကြသည့် တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက် ပါသည်-

 

ဒေါက်တာဒေါ်ပပ (ကျွမ်းကျင်သူ၊ ခုတင်(၁၀ဝ၀)ပြည်သူ့ဆေးရုံကြီး၊နေပြည်တော်)

 

နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Smile Asia အဖွဲ့၊ အထောက်အပံ့ပေးတဲ့ ကမ္ဘောဇဘဏ်နဲ့ နေပြည်တော်ခုတင်(၁၀ဝ၀)ပြည်သူ့ဆေးရုံကြီးက အထူးကုဆရာဝန်ကြီးတွေ ပူးပေါင်းပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်တွေကို အခမဲ့ခွဲစိတ်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။ အခုခွဲစိတ်ကုသမှုအစီအစဉ်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် (၁၂) ခုက အသက် (၆)လမှ အသက်(၂၅)နှစ်အရွယ်အထိ ကလေးတွေ ပါဝင်ပါတယ်။ ဒီလို ခွဲစိတ်ပေးခြင်းဖြင့် သူတို့ဘဝတွေ သာယာလှပလာစေပြီး ယုံကြည်မှုတွေ၊ အရည်အချင်း တွေ မြင့်တက်လာစေမှာ ဖြစ်တဲ့အတွက် ဒီအစီအစဉ်ကို ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။

 

ဒီအစီအစဉ်က Smile Asia အဖွဲ့မှာ နိုင်ငံပေါင်းကိုးနိုင်ငံက ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်နဲ့ သူနာပြုဆရာမတွေပါတယ်။ ကျွန်မတို့ဘက်ကလည်း နေပြည်တော် ခုတင်(၁၀ဝ၀)ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အထူးကုဆရာဝန်ကြီး၊ မေ့ဆေးဆရာဝန်ကြီး၊ အခြားသောခွဲစိတ်ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြမှာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံအနှံ့အပြားမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်တွေကို အခမဲ့ခွဲစိတ် ပေးလျက်ရှိပါတယ်။ ဒါပေမယ့် အများအပြား ကျန်ရှိနေပါသေးတယ်။ လျက်ရှိသေးပါတယ်။ ဒါကလည်း မွေးဖွားတဲ့ ကလေး(၅၀ဝ)မှာ တစ်ဦးက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ပါနိုင်တဲ့ အနေအထားရှိတာကြောင့် နှစ်စဉ်များပြား လျက်ရှိပါတယ်။ ပြီးတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဆေးရုံတွေမှာ ဒီလိုအခမဲ့ ခွဲစိတ်ကုသပေးနေတဲ့ အစီအစဉ်တွေ ရှိတာကို အသိနည်းကြတာလည်းပါတယ်။ ဆေးရုံလာရင် ငွေးကြေးကုန်ကျမလားဆိုပြီး စိုးရိမ်ကြတဲ့အတွက် မလာရဲကြဘူး။ ဒီတော့ ခွဲစိတ်ကုသမှုကို အသက်ကြီးတဲ့အထိ မခံယူရဘူး။ ပြည်သူလူထုတွေအနေနဲ့ ဒီလိုအခမဲ့ခွဲစိတ်ကုသပေးတာကို စောစောသိရင် စကား မပီတာမျိုးတွေ၊ ရုပ်ဆင်းအင်္ဂါချို့တဲ့တာတွေလည်း မဖြစ်တော့ဘူး။

 

ဒါကြောင့် ငွေကြေးအခမဲ့ဖြစ်တဲ့အတွက် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာတွေအနေနဲ့ လာရောက်ကုသကြဖို့ သတင်းစကားပေးချင်ပါတယ်။ နယ်က လေးငယ်တွေဆိုရင်လည်း ကိုယ့်ဒေသမှာရှိတဲ့ သားဖွားဆရာမတွေ၊ တိုက်နယ်ဆေးရုံတွေ၊ မြို့နယ်ဆေးရုံတွေကို ဆက်သွယ်ပါ။ အဲဒီကနေတစ်ဆင့် အထူးကု ဆရာဝန်ကြီးတွေရှိတဲ့ ဆေးရုံတွေကို ညွှန်းပေးပါလိမ့်မယ်။ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးတွေရဲ့ ဘဝမှာ မိမိကိုယ်ကို ယုံကြည်မှုနဲ့ အရည်အသွေးတိုးတက်စေဖို့အတွက် နည်းစပ်ရာဒေသတွေမှာ အခမဲ့ခွဲ စိတ်ကုသမှုတွေ ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်။

 

2

 

ပါမောက္ခ ဒေါက်တာဝင်းထွန်း  (ခုတင်(၁၀ဝ၀)ပြည်သူ့ဆေးရုံကြီး၊နေပြည်တော်)

 

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသမှုအတွက် လူနာ(၁၀၂)ဦးရှိပါတယ်။ ခွဲစိတ် ကုသမှုကို (၄) ရက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လူနာ(၁၀၂)ဦးထဲက ပေါင်ချိန်မပြည့်ခြင်း၊ သွေးအားနည်းခြင်း၊ အဆုတ်မကောင်းခြင်း စတဲ့ခွဲစိတ်လို့ အဆင်မပြေတဲ့ လူနာ ရှိ၊ မရှိဆိုတာ စစ်ဆေးရပါမယ်။ ခွဲစိတ်လို့ အဆင်ပြေတဲ့ လူနာ (၈၀)နဲ့ (၁၀ဝ)ကြား ကို ခွဲစိတ် ပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်။

 

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ အများကြီးရှိပါတယ်။ မျိုးရိုးလိုက်ပြီး ဖြစ်တာလည်းရှိတယ်။ Vitamine ချို့တဲ့တာကြောင့် လည်းဖြစ်တာရှိတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တာလည်းရှိတယ်။ ဘာအကြောင်းပြချက်မှ မရှိဘဲ ဖြစ်တာမျိုးလည်းရှိတယ်။ အကြမ်းအားဖြင့် မြန်မာနိုင်ငံမှာ လူ(၅၀ဝ) မွေးဖွား တိုင်းမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ တစ်ယောက်ပါတာကို တွေ့ရှိရပါတယ်။ ကျွန်တော် တို့ ဆေးရုံမှာလည်း နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ တစ်လကို သုံးဦးခန့် ပုံမှန်ခွဲစိတ် ကုသမှုတွေကို ဆောင်ရွက်ပေးနေပါတယ်။ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်တာတွေက တစ်တိုင်းပြည်လုံးမှာ အခမဲ့ခွဲစိတ်ပေးတာဖြစ်ပါတယ်။

 

နှုတ်ခမ်းကွဲအတွက် ခွဲစိတ်မယ့်သူတွေအနေနဲ့ အနည်းဆုံး အသက် ၃ လရှိရမယ်။ ကိုယ်အလေးချိန် (၁၀)ပေါင်ရှိရမယ်။ သတ်မှတ်ထားတဲ့ သွေးအားရှိရမယ်။ ဒါတွေ ပြည့်စုံရင် ကျွန်တော်တို့ဘက်က ခွဲစိတ်ကုသပေးပါတယ်။ အာခေါင်ကွဲအတွက် အနည်းဆုံး အသက်(၉)လနဲ့ တစ်နှစ်ခွဲကြားကို ခွဲစိတ်ပေးပါတယ်။

 

3

 

ဒေါ်ယမင်းရွှေရည် (Senior Menanger၊ ကမ္ဘောဇဘဏ်)

 

ကလေးတွေမှာ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲတွေ ပါလာတတ်ကြတယ်။ မိဘတွေအနေနဲ့လည်း သူတို့အတွက် စိတ်မချမ်းမသာဖြစ်ကြရတယ်။ သူတို့ကို ခွဲစိတ်ကုသ ပေးခြင်းအားဖြင့် သူတို့ကြီးပြင်း လာတဲ့အခါ လူတွေကြားမှာ ရဲရဲဝံ့ဝံ့ရှင်သန်လာနိုင်မယ်ဆိုပြီး ခုလိုအစီအစဉ်တွေကို ရည်မှန်းဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီလိုအစီအစဉ် တွေကို ၂၀၁၆ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး အခုဆိုရင် ၈ ကြိမ်ရှိပါပြီ။ နေပြည်တော်မှာက ပထမဆုံးအကြိမ်ဖြစ်ပြီး ရန်ကုန်မြို့မှာ လေးကြိမ်နဲ့ တောင်ကြီးမြို့မှာ သုံးကြိမ် ရှိပါပြီ။ ပြီးခဲ့တဲ့ (၇)ကြိမ်မှာ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေ၊ မိဘမဲ့ကလေးတွေ၊ စစ်ဘေးရှောင်စခန်းက ကလေးတွေအပါအဝင် အသက် (၆)လကနေ (၃၅)နှစ်အထိရှိ တဲ့ လူနာစုစုပေါင်း (၆၀၅)ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့ပြီးဖြစ်ပါတယ်။

 

ရန်ကုန်မြို့မှာဆိုရင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာနဲ့မေးရိုးဌာန၊ တောင်ကြီးမြို့မှာဆိုရင် အမျိုးသမီးနဲ့ ကလေးဆေးရုံမှာ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ ဆောင်ရွက်ပါတယ်။ ဒီလိုခွဲစိတ်ကုသမှုတွေ လုပ်တဲ့အခါမှာ လာရောက်ကြတဲ့ လူနာတွေမှာ ဝေးလံခေါင်ဖျားတဲ့ နယ်စပ်ဒေသတွေကလည်း ပါဝင်ပါတယ်။ ဒီလူနာ တွေအားလုံးကို သွားလာစရိတ်၊ နေထိုင်စားသောက် စရိတ်တွေအားလုံးကို တာဝန်ယူ ပေးပါတယ်။  လာရောက်ကုသမှုခံယူတဲ့အချိန်မှာလည်း ကျန်းမာရေး အသိပညာ ဗဟုသုတတွေ မျှဝေပေးတယ်။

 

ကျွန်မတို့အပါအဝင် အခြားအဖွဲ့အစည်းတွေလည်း ဒီလိုခွဲစိတ်ကုသမှုတွေကို ဆောင်ရွက်ပေးလျက်ရှိပေမယ့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာတွေက များပြားလျက်ရှိ နေပါသေးတယ်။ ဒါကြောင့် အားလုံးက ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့် မြန်မာနိုင်ငံမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာတွေ တစ်ဖြည်းဖြည်း ပပျောက်ဖို့နဲ့ တစ်ဘက်ကလည်း အသိပညာဗဟုသုတတွေပေးပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်တွေအဖြစ် မွေးဖွားမလာဖို့ကို မျှော်လင့်ပါတယ်။

 

4

 

Ms. Paige Low (Program Coordinator ၊ Smile Asia)

 

ကျွန်မတို့အဖွဲ့အနေနဲ့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာတွေကို ခွဲစိတ်ကုသပေး တာကို မြန်မာနိုင်ငံသာမကဘဲ အာရှဒေသတွင်း အခြားနိုင်ငံတွေမှာလည်း ဆောင်ရွက် ကြပါတယ်။ နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ အခြားဒေသတွေမှာလည်း နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာတွေကို သွားရောက်ခွဲစိတ်ကုသပေးဖို့ စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ ကျွန်မတို့အဖွဲ့ကို ၂၀၁၂ ခုနှစ်မှာ စတင်ဖွဲ့စည်းပြီး စင်ကာပူနိုင်ငံမှာ အခြေစိုက် ပါတယ်။ ဒီအကြိမ်ခွဲစိတ်ကုသမှုဆောင်ရွက်ဖို့အတွက် ကျွန်မတို့အဖွဲ့မှာ နိုင်ငံ(၉)နိုင်ငံ က အဖွဲ့ဝင် (၃၃)ဦး ပါဝင်ပါတယ်။

 

ခွန်မောင်ရီ (ဟိုပုံးမြို့နယ်၊ တောင်ကြီးခရိုင်)

 

ကလေးက အသက်(၉)လကျော်ပဲရှိပါသေးတယ်။ ကလေးက နှုတ်ခမ်းကွဲနဲ့ မွေးလာတော့ သူအမေက ဝမ်းနည်းတယ်။ ကျွန်တော်က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲတွေက ခွဲစိတ်ကုသလို့ရတယ်ဆိုတာ ပြောပြပါတယ်။ ဒီလို မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်တွေကို အခမဲ့ခွဲစိတ်ကုသပေးတဲ့ အစီအစဉ်ကို ကမ္ဘောဇဘဏ်မှာ ငွေသွားလွှဲတော့ ကြားခဲ့ရတာပါ။ ခွဲစိတ်ကုသဖို့ နေပြည်တော်ကိုလာတော့ နေထိုင်မှုနဲ့ သွားလာရေးကအစ အားလုံးအဆင်ပြေပါတယ်။ ကျွန်တော်သားလေး ဒီနှုတ်ခမ်းကွဲတာ လုံးဝပျောက်သွားတော့ မှာဆိုတော့ တော်တော်ဝမ်းသာမိတယ်။

 

တွေ့ဆုံမေးမြန်း-မျိုးသူဟိန်း

ဓာတ်ပုံ-စိုးဝင်းထွန်း