တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် အမျိုးသမီးပထမဒိုင်းဆုနှင့် စုပေါင်းတံခွန်စိုက်ဆု ဆွတ်ခူးရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီး ပြေးခုန်ပစ်အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

ထားဝယ် ၁၇ ဇန်နဝါရီ

 

၂၀၂၀ ပြည့်နှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် အမျိုးသမီး ပထမဒိုင်းဆုနှင့် စုပေါင်းတံခွန်စိုက်ဆု ဆွတ်ခူးရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီး ပြေးခုန်ပစ်အဖွဲ့အား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက်တိုင်းဒေသကြီးပြေးခုန်ပစ်အသင်းအုပ်ချုပ်သူဒေါ်သန်းသန်က ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရရှိလာသော ဆုဖလားအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ အပ်နှံသည်။

 

ဆက်လက်၍တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် တိုင်းဒေသကြီး ပထမဆုဖလား ဆွတ်ခူးရရှိသော တနင်္သာရီတိုင်းဒေသကြီး ပြေးခုန်ပစ်အဖွဲ့အား တိုင်းဒေသကြီးအစိုးရအဖွဲ့က ရွှေတစ်ခုလျှင်(၅)သိန်းကျပ်၊ (၄)ယောက်လက်ဆင့်ကမ်းပြိုင်ပွဲတွင် ရွှေတစ်ခုလျှင်(၁၀)သိန်းကျပ်၊ ငွေတစ်ခုလျှင်(၂) သိန်းကျပ်၊ ကြေးတစ်ခုလျှင်(၁)သိန်းကျပ်နှင့် အုပ်ချုပ်/နည်းပြတစ်ဦးလျှင်(၂)သိန်းကျပ် စုစုပေါင်း(၁၁၃)သိန်း ကျပ် ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံယူသည်။

 

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ တိုင်းဒေသကြီးဉပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသင်းအုပ်ချုပ်သူနှင့် အားကစားသမားများတက်ရောက်ခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီးပြန်/ဆက်