တိုင်းဒေသကြီးဝန်ကြီးချုပ် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ခ်ျပီဗီ (HPV) ကာကွယ်ဆေးကို စတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲ အခမ်းအနားသို့ Online မှ တက်ရောက်

mdn

မကွေး ၂၀ အောက်တိုဘာ

 

ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ခ်ျပီဗီ(HPV) ကာကွယ်ဆေးကို စတင်ထည့်သွင်း ထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၀ ရက် မွန်းလွဲ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Facebook စာမျက်နှာမှ တိုက်ရိုက်ထုတ်လွှင့်ခြင်း အစီအစဉ်ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းဝေးခန်းမမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက တာဝန်ရှိသူများ Online က တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် HPV သားအိမ်ခေါင်းကာကွယ်ဆေးကို ထိုးနှံပေးခြင်းအားဖြင့် အိတ်ချ်ပီဗီ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဖြစ်ပွားနိုင်တဲ့ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွား၊ သေဆုံးမှုများကို ထိရောက်စွာ လျှော့ချနိုင်မှာဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသည်။

 

မြန်မာနိုင်ငံတွင် အမျိုးသမီးဦးရေ တစ်သိန်းမှာ (၂၁)ဦးမှာ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနေပြီး (၁၃)ဦးခန့် သေဆုံးတဲ့အတွက် အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဟာ သားအိမ်ခေါင်းကင်ဆာ ဒုတိယအများဆုံးဖြစ်ပွားတဲ့ နိုင်ငံဖြစ်ကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း အစီအစဉ်မှာ (၁၃)ခုမြောက် ကာကွယ်ဆေးအဖြစ် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလက စတင်ထိုးနှံပေးသွားမှာဖြစ်ကြောင်း၊ လက်ရှိမှာ COVID-19 ဖြစ်ပွားမှုများရှိသည့်အတွက် Stay at home မြို့နယ်များမှာ ကာကွယ်ဆေးထိုးဖို့ လောလောဆယ်မပါသေးပေမယ့် Stay at home ကာလပြီးတဲ့  နောက်မှာ ထိုးနှံပေးသွားမှာဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားသည်။

 

ဆက်လက်ပြီး HPV ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း ပညာပေးဗွီဒီယိုပြသပြီး၊ မိန်းကလေးငယ်များကို HPV ကာကွယ်ဆေး ထည့်သွင်းထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးကာ ဗဟိုအဆင့် ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများအဖွဲ့သည် မကွေးမြို့နယ် ကျန်းမာရေးဦးစီးဌာနရုံးဝန်းအတွင်း ဆောင်ရွက်နေသည့် မိန်းကလေးငယ်များအား HPV ကာကွယ်ဆေး ထည့်သွင်းထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ယခုထိုးနှံပေးမည့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး အိတ်ချ်ပီဗီအတွက် နိုင်ငံတော်အစိုးရမှ ၂၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့် Gavi, the vaccine alliance အဖွဲ့က ၈၀ ရာခိုင်နှုန်း အကုန်အကျခံ ဝယ်ယူတာဖြစ်ပြီး အသက် နှစ်နှင့် ၁၀ နှစ်အရွယ် အမျိုးသမီးဦးရေ လေးသိန်းခွဲကျော် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)