တိုင်းပြည်အားထားဖွယ်ရာ သားကောင်းရတနာ

သြဂုတ် ၁၇

လူတော်လူကောင်းများ၊ ဘက်စုံထူးချွန်သူများ များများစားစား မွေးထုတ်ပေးနိုင်ခြင်းသည် မိသားစုအသိုက်အဝန်းအတွက်သော်လည်းကောင်း၊ နိုင်ငံအနာဂတ်အတွက်သော် လည်းကောင်း အားထားဖွယ်ရာဖြစ်သည်။ အဆိုပါလူငယ် လူရွယ်တို့၏စွမ်းပကားဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်။ တိုးတက်သည့် အနာဂတ်နိုင်ငံကို တည်ဆောက်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် လူငယ်လူရွယ်များကို ငယ်စဉ်တောင်ကျေးကလေးဘဝမှ လူလားမြောက်သည့်အရွယ်အထိ ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးကြရမည်ဖြစ်သည်။ လူငယ်လူရွယ်များကို ပြုစုပျိုးထောင်မြေတောင်မြှောက်ပေးရာ၌ ပညာတတ်မြောက် ထူးချွန်ထက်မြက်ရန်သာမက စိတ်ဓာတ်နှင့်အကျင့်စာရိတ္တ (ကိုယ်ကျင့်သီလ)ပါ မြဲမြံစွဲမြဲအောင် ဆောင်ကြဉ်းပေးနိုင်ပါလျှင် ငြိမ်းချမ်းသာယာဝပြောသော လူ့ဘောင်လောကသစ်ကို တည်ဆောက်နိုင်မည်မှာ သေချာပါသည်။ သို့ပါ၍ လူငယ်လူရွယ်များအား ပညာတတ်မြောက်ထူးချွန်ရေးနှင့် ကိုယ်ကျင့်သီလကောင်းမွန်ရေးကို အချိန်ယူကာ ဝိုင်းဝန်းပျိုးထောင်ကြရန် လိုအပ်ပါသည်။

ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ ရှစ်ဘီလီယံခန့်ရှိရာ ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၁၈ ရာခိုင်နှုန်းခန့်သည် လူငယ်များဖြစ်ကြသည်။ အာဆီယံဒေသတွင်း၌ လူဦးရေ ၆၅၄ သန်းရှိသည့်အနက် ၃၄ ရာခိုင်နှုန်းခန့်သည် အသက် (၁၅) နှစ်မှ(၃၅) နှစ်ကြား လူငယ်လူရွယ်များဖြစ်ကြသည်။ အဆိုပါလူငယ်လူရွယ်အများစုသည် ပညာကို ကြိုးစားသင်ယူဆည်းပူးကြပြီး တတ်မြောက်ထားသည့်ပညာဖြင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် သယ်ပိုးထမ်းရွက်နေကြသည်။ လူငယ်လူရွယ်များသည် ပညာသာမက ကိုယ်ကျင့်သိက္ခာတို့ကိုပါ ထိန်းသိမ်းစောင့်ရှောက်နိုင်ကြသူများဖြစ်၍ ၎င်းတို့နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသာယာဝပြောနေသည်ကို တွေ့ရမည်ဖြစ်သည်။

လူငယ်လူရွယ်များသည် အနာဂတ်တွင် နိုင်ငံ့ခေါင်းဆောင်များ၊ နည်းပညာဆိုင်ရာ တီထွင်ဖန်တီးသူများ၊ စွန့်ဦးတီထွင်သူများ၊ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်သည့် လုပ်သားအင်အားစုများ၊ လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာကြသည်။ တိုင်းပြည်၏အနာဂတ် အခန်းကဏ္ဍအသီးသီးကို ပခုံးပြောင်းတာဝန်ယူ ထမ်းဆောင်ကြမည့် လူငယ်လူရွယ်များသည် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ့သားကောင်း လူကောင်းလူမွန်များ ဖြစ်ပေါ်လာစေရေးအတွက် ယနေ့လူကြီးများ၊ အုပ်ထိန်းသူမိဘပြည်သူများက စနစ်တကျ ပြုစုပျိုးထောင်ပေးကြရန် လိုအပ်သည်။ ပျိုးထောင်ရာ၌ ပညာသာမက ဆင်ခြင်တုံတရား အသိမြင့်မားသည့်ကိုယ်ကျင့် တရားများပါ ပြည့်စုံလာစေရေး ဖော်ဆောင်ပေးနိုင်ရန် လိုအပ်ပေသည်။

၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ပေးထားသော ဆောင်ပုဒ်နှင့်အညီ ကုလသမဂ္ဂ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုပန်းတိုင်များ ပြည့်မီစေရန် မျိုးဆက်သစ်များအချင်းချင်းကြား ပူးပေါင်း ဆောင်ရွက်မှုများနှင့် အသက်အရွယ်စုံပါဝင်သည့် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကို ဖန်တီးပုံဖော်နိုင်ရေးအတွက် အရှိန်အဟုန် ပိုမိုမြှင့်တင်ဆောင်ရွက်နေချိန်တွင် မြန်မာနိုင်ငံမှ လူငယ်လူရွယ်များအနေဖြင့်လည်း ကမ္ဘာကြီးတွင် နောက်ကျန်မနေရစ်ဘဲ ကမ္ဘာ့နိုင်ငံများနှင့်အတူ ပါဝင်လာနိုင်ရန် အားတက်သရော ကြိုးပမ်း အားထုတ်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သည့် လူငယ်လူရွယ် ဦးရေ အချိုးအစားများပြားသောကြောင့် လူဦးရေဆိုင်ရာပညာရှင်များက မြန်မာနိုင်ငံသည် “လူဦးရေဆိုင်ရာဆုလာဘ်”ကို ပိုင်ဆိုင်ထားသည်ဟုဆိုထားသဖြင့် လူငယ်စွမ်းအားကို အကျိုးရှိစွာအသုံးချပါက နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံမှ လူငယ်လူရွယ်များသည် ဉာဏ်ပညာ ကောင်းမွန်ထက်မြက်သော်လည်း အကျိုးပြုလုပ်ငန်းများတွင် အပြည့်အဝပါဝင်နိုင်မှု လိုအပ်နေသေးသည်ကို တွေ့ရသည်။ ပညာကိုဆုံးခန်းတိုင် သင်ယူပြီးမြောက်ခြင်းနှင့်အတူ စိတ်ဓာတ်ခံယူချက်နှင့် ကိုယ်ကျင့်တရားများပါ ငယ်ရွယ်စဉ်ဘဝများကတည်းက တည့်မတ်ဖြောင့်တန်းအောင် ဆောင်ရွက်ပေးနိုင်ပါလျှင် နိုင်ငံအတွက် သားကောင်းရတနာများများစွာ ဖြစ်ထွန်းလာနိုင်ပါသည်။ ယနေ့လူငယ်များတွင် ခေတ်ကာလတိုးတက် ပြောင်းလဲလာသည်နှင့်အမျှ ဘာသာတရားက ပြဋ္ဌာန်းထားသော လူမှုကျင့်ဝတ်များကို လိုက်နာမှုအားနည်းလာသည်ကို တွေ့ရသည်။ လူမှုကျင့်ဝတ်များကို လိုက်နာကျင့်သုံးပါက ဗလငါးတန်နှင့်ပြည့်စုံသော လူတော်လူကောင်းတစ်ယောက် ဖြစ်မည့်အပြင် သောကကင်းဝေး၍ ငြိမ်းအေးချမ်းသာသူ ဖြစ်လာနိုင်ပါသည်။

ယနေ့ခေတ် ဗုဒ္ဓဘာသာဝင် မြန်မာလူငယ်များသည် ဘာသာစာရိတ္တယဉ်ကျေးမှုဘက်တွင် အားနည်းကြပါသည်။ ဘာသာစာရိတ္တယဉ်ကျေးမှု အသိဉာဏ်နည်းပါးလျှင် စိတ်နေစိတ်ထားမှအစ အပြောအဆို အနေအထိုင် သိမ်ဖျင်းလာနိုင်ပေသည်။ ဘာသာစာရိတ္တယဉ်ကျေးမှုသည် လူမျိုး၏အသက်သဖွယ် အရေးကြီးပါသည်။ ဘာသာစာရိတ္တယဉ်ကျေးမှုကို သိရှိနားလည်ကြသူများသည် ကိုယ်စိတ်နှလုံးသုံးပါး ယဉ်ကျေးသိမ်မွေ့သူများ ဖြစ်လာကြသည်။ ယင်းကိုအခြေခံ၍ နိုင်ငံ၏သားကောင်းသမီးမွန်များ ဖြစ်လာနိုင်သည်။ ယနေ့ လူငယ်လူရွယ်များအဖို့ပညာကို တတ်မြောက်ရုံသာမက ထူးချွန်ထက်မြက်ပြီး စဉ်းစားဆင်ခြင်စွမ်းဆောင်ရည် မြင့်မားအောင် ကြိုးစားအားထုတ်ကြကာ တစ်ဖက်တွင် ဘာသာစာရိတ္တယဉ်ကျေးမှုကို ထုံမွမ်းလာအောင် ကြိုးစားအားထုတ်ကြလျှင် အလုံးစုံပြည့်စုံကောင်းမွန်သည့် အနာဂတ်နိုင်ငံတော် ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း။              ။

ကြေးမုံ