တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အထောက်အကူပစ္စည်းများ ထောက်ပံ့ပေးအပ်

ရန်ကုန်  ၂၅  မေ

 

ငြိမ်းချမ်းရေးကော်မရှင်နှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီတို့မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ လုပ်ငန်းများတွင်အသုံးပြုရန်အတွက် အထောက်အကူပစ္စည်းများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ကျင်းပသည်။

 

ရှေးဦးစွာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ  ဒေါက်တာတင်မျိုးဝင်းက အဖွင့်အမှာစကား ပြောကြားတွင် (ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို တစ်ကမ္ဘာလုံးအတိုင်းအတာအဖြစ် ကူးစက်ပြန့်နှံသော ကပ်ရောဂါ(Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ၂၀၂၀ပြည့်နှစ်၊ မတ် (၁၁)ရက်တွင် ထုတ်ပြန် ကြေညာခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူကို ၂၀၂၀ ပြည့်နှစ်၊ မတ် (၂၃) ရက်တွင် စတင်တွေ့ ရှိခဲ့ကြောင်း၊ ရောဂါပိုးတွေ့ရှိသူ အများစုသည် နိုင်ငံခြားတိုင်းပြည်များမှ ပြန်လာကြသူ များဖြစ်ကြောင်း၊ မိမိတို့နိုင်ငံနှင့် နယ်နမိတ်ခြင်း ထိစပ်နေသည့် နိုင်ငံများမှ မိမိတို့ နိုင်ငံသားများသည် နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်မှုများလည်း ရှိနေပါကြောင်း၊ ယခုကဲ့သို့ ပြန်လည်ဝင်ရောက်လာကြသူများသည် နယ်စပ်ဒေသများတွင် တရားဝင်သာမက တရားမဝင် ဖြတ်ကျော်ဝင် ရောက်လာကြသည့်အခါတွင် ရောဂါကာကွယ် တားဆီးထိန်းချုပ်မှုများ မှန်မှန်ကန်ကန် မလုပ်နိုင်ပါက ကူးစက်မှုသည် ပိုမိုပျံ့နှံ့သွားနိုင်ကြောင်း၊ နယ်စပ်ဒေသအများစုတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အခြေပြုလျက်ရှိကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် မိမိတို့ နယ်မြေအတွင်း ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများကို တစ်ပိုင်တစ်နိုင် လုပ်ဆောင်နေကြသည်ကို တွေ့ရပါကြောင်း။

 

ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေစေရန်နှင့် အထောက်အကူပေးနိုင်ရန်အတွက်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်းပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီကို နိုင်ငံတော်သမ္မတရုံးမှ ဧပြီ(၂၇) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၊ ၆၃/၂၀၂၀ ဖြင့် မိမိ ဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင်မှ အဖွဲ့ဝင်(၄)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန် (၇)ရပ် ချမှတ်ပေး ခဲ့ပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် No one left behind ဆိုသည့် Policy အရ မည်သူမျှ မကျန်စေရအောင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ဆောင်ရွက် နေချိန်ဖြစ်ပါကြောင်း၊   NCA လက်မှတ်ရေးထိုးထားသောတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအပြင် NCA လက်မှတ် မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း ဆက်သွယ်ဆောင်ရွက်ခဲ့ ပါကြောင်း၊    တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများ အခြေပြုရာဒေသများသည်  နယ်စပ်ဒေသတစ်လျှောက် ဖြစ်နေသည့်အတွက် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများနှင့် ထိတွေ့မှုအများဆုံး ရှိနေကြသည့်အတွက် အဖွဲ့အစည်းအားလုံးကို ဆက်သွယ်ခဲ့ခြင်း ဖြစ်ပါကြောင်း။

 

မိမိတို့ ကော်မတီအနေဖြင့် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နှင့် ပူးပေါင်းပြီး မေ(၈) ရက်တွင် NCA လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၀)ဖွဲ့က တာဝန်ပေးအပ်ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းအဖွဲ့(PPWT) ကိုယ်စားလှယ်အဖွဲ့တို့နှင့် online မှတဆင့် Vedio Conferencing ပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်းသည့်သဘောတူညီချက် (၅)ချက်ကို မူအားဖြင့်ချမှတ်နိုင်ခဲ့ပါကြောင်း၊  အဆိုပါ သဘောတူညီချက်များကို NCA လက်မှတ်မရေး ထိုးရသေးသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများကိုလည်း သိရှိပြီး ပါဝင်ပူးပေါင်း ဆောင်ရွက် နိုင်ရေးအတွက်ပေးပို့ခဲ့ပါကြောင်း။

 

အဆိုပါသဘောတူ ညီချက်များအပေါ် အခြေခံ၍  မေ(၁၁)ရက်တွင် KNU အဖွဲ့နှင့် လည်းကောင်း၊ မေ(၁၂)ရက်တွင် NMSP အဖွဲ့နှင့် လည်းကောင်း၊ မေ(၁၄) ရက်တွင် PNLO အဖွဲ့နှင့်လည်းကောင်း၊ မေ(၁၅)ရက်တွင် CNF အဖွဲ့နှင့် လည်းကောင်း၊ မေ(၂၀) ရက်တွင် ALP အဖွဲ့နှင့်လည်းကောင်း၊ မေ(၂၂)ရက်တွင် KNPP အဖွဲ့နှင့်လည်းကောင်း online မှတဆင့် Operation အပိုင်းကို ဆွေးနွေးခဲ့ကြပြီး ကျန်အဖွဲ့အစည်းများနှင့်လည်း ဆက်လက်ဆွေးနွေးရန် စီစဉ်ထားပါ ကြောင်း၊  ဆွေးနွေးသဘောတူညီချက်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် နည်းပညာနှင့် အထောက်အကူ ပစ္စည်းများပံ့ပိုးပေးရန် သဘောတူခဲ့ကြပါကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ဘက်ကလည်း မိမိတို့သက်ဆိုင်ရာ အဖွဲ့အစည်းများအလိုက် ကော်မတီများဖွဲ့စည်း၍ မိမိတို့ကော်မတီ အပါအဝင် ငြိမ်းချမ်းရေးကော်မရှင်နှင့်  ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း။

 

မိမိတို့ကော်မတီအနေဖြင့် သက်ဆိုင်ရာ နယ်မြေအတွင်းရှိ ပြည်သူများ၊ သက်ဆိုင်ရာ နယ်မြေမှတစ်ဆင့် ဖြတ်သန်း ဝင်ရောက်သူများအတွက် ရည်ရွယ်ပြီး ငြိမ်းချမ်းရေးကော်မရှင်၏ ငြိမ်းချမ်းရေးရန်ပုံငွေဖြင့် COVID-19 ရောဂါကာကွယ် ထိန်းချုပ် ကုသရေး ဆိုင်ရာ အထောက်အကူပစ္စည်း (၉) မျိုးကို ဝယ်ယူခဲ့ပါကြောင်း၊  အဆိုပါ ပစ္စည်း များမှာ Surgical  Mask ၊ Hand Sanitizer ၊ဘက်စုံသုံး ပိုးသတ် ဆေးရည်၊ သာမိုမီတာ၊ PPE ဝတ်စုံ ၊ Face Shield ၊ ရာဘာလက်အိတ်၊ ပိုးသတ်ဆေးဖြန်းပုံး တို့ဖြစ်ပါကြောင်း ၊ မိမိတို့ညှိနှိုင်းချက်အရ ရန်ကုန်တိုင်းဒေသကြီး ၊ ကျန်းမာရေး ဦးစီးဌာနက လည်း Quarantine Center  များတွင် အဆင်ပြေစေရေးအတွက်   ပစ္စည်း (၁၃)မျိုးကို ပါဝင်ပံ့ပိုးပေးခဲ့ပါကြောင်း၊  ပုဂ္ဂလိက အလှူရှင်တစ်ဦးက ပေးအပ်လှူဒါန်းခဲသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသ ရေးနှင့်ပတ်သက်သည့် အသိပညာပေး အချက် အလက်များကို တိုင်းရင်းသား ဘာသာစကားထည့်သွင်းထားသည့် Hand Speaker အလုံး(၂၀) ကိုလည်း  ပေးအပ်လှူဒါန်းမည် ဖြစ်ပါကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၊ တွေ့ဆုံဆွေးနွေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေး အထောက်အကူပြု ပစ္စည်းများ ရရှိနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ ထပ်မံရရှိပါက ထပ်မံပံ့ပိုးပေးရန် အစီအစဉ်များလည်းရှိ ကြောင်း၊ ရောဂါကူးစက်ပျံ့နှံ့မှုနှင့် ပျောက်ကင်းရေးအတွက် အချိန်အများကြီးယူရဦးမည် ဖြစ်ပါကြောင်း။

 

ကိုဗစ်-၁၉ ရောဂါ ပိုမိုထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် စည်းမျဉ်း/စည်းကမ်းများ ၊ ဆောင်ရန်/ရှောင်ရန် အချက်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်များက ထုတ်ပြန်ထားသည့် ဒေသန္တရ အမိန့်များ၊ အသိပညာပေးမှုများကို ပြည်သူတစ်ဦးချင်းစီ အလေးအနက်ထားကာ သိရှိ လိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် မိမိတို့၏နယ်မြေအတွင်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးစေလိုပါကြောင်း၊ ယခုလို ထောက်ပံ့ပေးအပ်လှူဒါန်းသည့် ပစ္စည်းများကိုလည်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အကျိုးရှိစွာ ထိထိရောက်ရောက် အသုံးပြုသွားပါဟု တိုက်တွန်း ပြောကြားလိုပါကြောင်း။

 

မိမိတို့အားလုံး ကိုဗစ်-၁၉ ရောဂါကို ခြိမ်းခြောက်မှု (Threat ) အစား အခွင့်အရေး (Opportunity)အဖြစ် သဘောထား၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးလုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အောင်မြင် ရေးအတွက် ယုံကြည်မှုကိုတိုးတက် လာစေသော၊ အပေါင်းလက္ခဏာဆောင်သော လုပ်ငန်းရပ်အဖြစ် သဘောထားလုပ်ဆောင်နိုင်ကြပါရန် ပြောကြားလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား) တို့က COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အထောက်အကူ ပစ္စည်းများ လွှဲပြောင်းပေးအပ်ရာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) ကိုယ်စား ကရင်အမျိုးသား အစည်းအရုံး (KNU)  မှ ဒေါက်တာ စောမာတာနှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဦးမျိုးဝင်း ၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများကိုယ်စား SSPP (ရှမ်းပြည်တိုးတက်ရေး ပါတီ) ဒုတိယဥက္ကဋ္ဌ-(၂) စဝ်ခွန်ဆိုင်း တို့က လက်ခံရယူကြသည်။

 

ယင်းနောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) ကိုယ်စား ABSDF ဒုတိယဥက္ကဌ၊ NCA-S EAO ၏ NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်းနှင့် ၊တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် SSPP  ဒုတိယဥက္ကဋ္ဌ စဝ်ခွန်ဆိုင်းတို့က  ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြပြီး စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။

 

ယနေ့ကျင်းပသည့် အခမ်းအနားနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း ရေးကော်မတီ ဒုတိယဥက္ကဌ ၊ ဒုတိယဗိုလ်ချုပ်ကြီး (အငြိမ်းစား) ခင်ဇော်ဦးက “ ကျွန်တော်တို့ ကော်မတီအနေနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၀) ဖွဲ့ ၊ NCA လက်မှတ် ရေးထိုးထားခြင်း မရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၂) ဖွဲ့ ၊ စုစုပေါင်း အဖွဲ့ (၁၂)ဖွဲ့ကို ကိုဗစ်-၁၉ ကာကွယ် တားဆီးရေး ထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့ အထောက်အကူပြုပစ္စည်းတွေ ပေးအပ် လှူဒါန်းပါတယ်။ အဓိကက ကျွန်တော်တို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပိုပြီးနီးစပ်လာရင် ဒီလုပ်ငန်းကို အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ရင် ကျွန်တော်တို့သွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ခုလုံးအတွက် ယုံကြည်မှုတည်ဆောက်ရေးကို ပိုမိုရရှိစေနိုင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အားတစ်ခုဖြစ်မယ် လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါပထမအကြိမ်ပါ။ နောက်ထပ် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပြည်တွင်းအဖွဲ့အစည်း တွေနဲ့ ချိတ်ဆက်ထားပါတယ် ထပ်မံပြီးရရှိလာရင် ဒုတိယအကြိမ်၊ တတိယအကြိမ် စသည်ဖြင့် ဆက်လက် လှူဒါန်းသွားမှာပါ။ “၀”၊ မိုင်းလား နဲ့ ကေအိုင်အေကတော့ အဖွဲ့ကြီးတွေလည်း ဖြစ်တယ်။ တပ်မတော်က ပံ့ပိုးထားတာလည်း ရှိတယ်။ အခုပထမအသုတ်မှာတော့ မထည့်ထားပါဘူး” ဟု ပြောသည်။

 

အစိုးရ၏ လှူဒါန်းမှုများနှင့်ပတ်သက်၍ ရှမ်းပြည်တိုးတက်ရေးပါတီ (RCSS) ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်းက “ကျွန်တော်တို့ အဖွဲ့အစည်းက ပြည်ပထွက်တာမရှိပေမဲ့ စိုးရိမ်တာက ထိုင်းတို့၊ တရုတ်တို့က အလုပ်လုပ်ပြီး ပြန်လာတဲ့သူတွေကို ရွာတွေမှာတော့ ပညာပေးရေး အရင်လုပ်တယ်။ သူတို့ မပြန်လာခင်ကတည်းက မီဒီယာက တဆင့် ဒီသတင်းတွေကြားတော့ ကြုတင်ပြင်ဆင်မှုလုပ်ထားတယ်။ အပူချိန်တိုင်းပြီး တောင်ယာမှာပဲဖြစ်ဖြစ်၊ လယ်တောမှာပဲ ဖြစ်ဖြစ် (၁၄)ရက်ထားတယ်။ ပြီးမှ ရွာကို ပြန်လာစေတယ်။ ဒီနေ့အထိတော့ ပိုးတွေ့တာတွေ၊ သေဆုံးတာတွေတော့ မရှိဘူး။ အခုထက်ထိ ကျွန်တော်တို့ ဂိတ်တွေဖွင့်ထားပြီး နိုင်ငံတော်က လမ်းညွှန်တဲ့အတိုင်း ပညာပေးရေးတွေ လုပ်ပါတယ်။ ကိုဗစ်-၁၉ ကို အတူတကွ ပူးပေါင်းကာကွယ်တဲ့ လက်တွေ့လုပ်ဆောင်မှု တွေက အလွန်ကောင်းတယ်။ ကိုဗစ် အလွန်မှာလဲ ဒီလို ဖြစ်သွား စေချင်တယ်။ ယုံကြည်မှုဆိုတာ လက်တွေ့ကလာတာ။ ပြောနေယုံနဲ့ မထိရောက်ဘူး။ ကျွန်တော်တို့ အလုပ်တွေ အများကြီး လုပ်ရပါဦးမယ်။ ငြိမ်းချမ်းရေးဆိုတာက ပြောနေတာ လွယ်ပေမယ့် လက်တွေ့မှာ ခက်တယ်။ နှစ်ပေါင်း (၇၀) ကျော် ဒဏ်ရာဒဏ်ချက်တွေ ပြန်လည် ကုစားရဦးမယ်။ ကျွန်တော်ပြောချင်တာက စိတ်ရှည်ကြပါ။ သဘောထား ကြီးကြ ပါ။ အပြန်အလှန် အသိအမှတ်ပြုပေးကြပါ။ အခု ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် ဘုံရန် သူဖြစ်တယ်။ ဘုံရန်သူကိုတိုက်ရင် မစည်းလုံးလို့မရဘူး။ သူတစ်ပေါက်၊ ကိုယ်တစ်ပေါက် လုပ်လို့မရဘူး။ အားလုံးတက်တက်ကြွကြွ လုပ်မှရပါမယ်” ဟု ပြောသည်။

 

ယနေ့ ကျင်းပသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အထောက်အကူပစ္စည်းများ ထောက်ပံ့ပေးအပ် သည့် အခမ်းအနားသို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီဝင်များ၊ ငြိမ်းချမ်း ရေးကော်မရှင်မှ တာဝန်ရှိသူများ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၀)ဖွဲ့မှ ကိုယ်စားလှယ်များနှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP) နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်