တို့တောင်သူတွေ ဝင်ငွေတိုးဖို့ ကော်ဖီတိုးချဲ့ စိုက်ကြစို့

မောင်အောင်

“ကိုအောင်ရေ နေ့လယ်ကတည်းက ငါဖုန်းခေါ်နေတာ။ လုံးဝမရတော့ ငါအတော်စိတ်ပျက်သွားတယ်။ နောက်တော့မှ မင်းတပည့်နဲ့ ဖုန်းရမှ မင်းတို့အစည်းအဝေး လုပ်နေကြောင်း သိရတာ။ အထူးတော့ မရှိပါဘူးကွာ။ မင်းတို့စိုက်ပျိုးရေးဦးစီးဌာနက ရွာမှာ သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်မျိုးစေ့တွေ လာပြီးပေးတယ်။ မင်းတို့ စိုက်ပျိုးရေးက လူတွေက အတော်လည်း တတ်နိုင်ကြပါတယ်။ 

ဓာတ်မြေဩဇာမပေးနိုင်တော့  သဘာဝမြေဩဇာဆိုပြီး ပိုက်ဆံလျှော် မျိုးစေ့တွေလာ ပြီးပေးတယ်။ ပထမတော့ ငါလည်းဒီလောက်တန်ဖိုးမထားပါဘူး။ သူတို့ရှင်းပြတာကို လျှောက်ပြောနေ တယ်ထင်တာ။ အဲ သူတို့ပြန်သွားမှ ကျုံတာက ဖိုးပျော့ပြောမှ ဒီပိုက်ဆံလျှော်က တကယ်ကောင်းတဲ့ သစ်စိမ်းမြေဩဇာဆိုတာသိရတယ်။ အဲဒါနဲ့ မင်း တပည့်ပြောတာက မင်းတို့ကော်ဖီ အစည်းအဝေး လုပ်နေတယ်ဆို။ မင်းတို့နဲ့ကွာ။ အလုပ်မရှိ အလုပ်ရှာ။ ဘာမဟုတ်တဲ့ ကော်ဖီများ အစည်းအဝေးလုပ်နေရသေးတယ်။ စပါးတို့၊ မြေပဲတို့၊ ပြောင်းဖူးတို့၊ နေကြာတို့ အစည်းအဝေးလုပ်တယ်ဆိုရင် ငါလက်ခံပါတယ်။ အခုတော့ ကော်ဖီဆိုတာက မြို့ကလူတွေပဲ သောက်တာ။ ဒို့တောသားတွေနဲ့ ဘာမှမဆိုင်ပါဘူး။ ကဲပြောစမ်းပါဦး။ ကော်ဖီစိုက်ပျိုးရေးကို ဘာ့ကြောင့် ရေးကြီးခွင်ကျယ်လုပ်ပြီး အစည်းအဝေးလုပ်နေရတာလဲ။”

ကျွန်တော့် အစ်ကိုကြီးကား ဖျာပုံမြို့နယ် သလိပ်ကြီးကျေးရွာတွင် နေသူဖြစ်သည်။ အသက် ၈ဝ ကျော်ပြီ။ သို့သော် ငယ်စဉ်က ၁ဝ တန်းအထိ ကျောင်းနေခဲ့သူဖြစ်ပြီး ကိုယ်ပိုင်လယ်လုပ်ခဲ့သူ ဖြစ်သည်။ လယ် ၁၅ ဧက ခန့်ပိုင်သည်။ အသက် ၇ဝ ကျော်မှ ကိုယ်တိုင်လယ်မလုပ်တော့ဘဲ ညီများ၊ တူများကို လွှဲထားပေးခြင်းဖြစ်သည်။ သလိပ်ကြီးရွာတွင် လျှပ်စစ်မီးမရသေးသော်လည်း ကျေးလက်မီးလင်းရေး အစီအစဉ်ဖြင့် နေရောင်ခြည် စွမ်းအင်ဖြင့် မီးရသည်။ ရုပ်မြင်သံကြား ကြည့်၍ရသည်။ မြန်မာ့ရုပ်မြင်သံကြားသတင်းကို လက် မလွတ်တမ်းကြည့်သူဖြစ်၍ ဗဟုသုတရှိသည်။

“ဒါတော့ အစ်ကိုရယ်။ အစ်ကိုလည်း သိတဲ့အတိုင်း၊ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က ကိုဗစ် အကြီး အကျယ်ဖြစ်လိုက်တော့ လူတွေအားလုံး အိမ်ထဲမှာ နေရ၊ တစ်နေရာနဲ့ တစ်နေရာသွားလို့ လာလို့ မရ။ ကားတွေ၊ ရထားတွေ၊ လေယာဉ်တွေရပ်နားထားရတော့ ကုန်စည်စီးဆင်းမှုတွေရပ်ပြီး အားလုံး စီးပွားရေးကျပ်တည်းကုန်ကြတယ်။ ကုန်ဈေးနှုန်းတွေ ကြီးကုန်တယ်လေ။”

“အေး ဒါတော့ မင်းပြောမှ မဟုတ်ပါဘူးကွာ။ ငါလည်းသိပါတယ်။ ကုန်ထုတ်လုပ်မှုတွေ ရပ်နားထားတော့ ကုန်ပစ္စည်းတွေ ရှားလာတယ်။ ကုန်ပစ္စည်းရှားတော့ ကုန်ဈေးနှုန်းတွေ တက်တာပေါ့။ ဒါသဘာဝပဲလေ။ အဲဒါနဲ့ မင်းတို့ ကော်ဖီအစည်းအဝေးလုပ်တာနဲ့ ဘာဆိုင်လို့လဲကွ။”

ကျွန်တော့်စကားကို စိတ်မရှည်၍ အစ်ကိုကြီးက ဖြတ်၍ မေးလိုက်ခြင်းဖြစ်သည်။ 

တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့

“ဟုတ်တယ်လေ အစ်ကိုကြီးရဲ့။ ကျွန်တော်တို့ တိုင်းပြည်လို ဖွံ့ဖြိုးဆဲနိုင်ငံမှာ အထွေထွေ ကုန်ပစ္စည်းတွေ ရှားပါးလာတယ်။ ဈေးတွေကြီးလာတဲ့အခါ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့က ကိုယ့်အားကိုယ်ကိုးပြီး လုပ်ရမယ်လေ။ အဲဒီလိုလုပ်ဖို့ကို လက်ရှိနိုင်ငံတော်ကို တာဝန်ယူထားတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက  နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ဖို့က စိုက်ပျိုးမွေးမြူရေးဟာ အလွယ်အကူဆုံး လုပ်လို့ရတယ်။ အဲဒါကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရဲ့ ဦးတည်ချက် (၉)ရပ်မှာပါတဲ့ စီးပွားရေးဦးတည်ချက်မှာ “စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဆိုတဲ့အချက်ကို ပထမဆုံးအချက်အဖြစ် ထည့်သွင်း ထားတာမဟုတ်လား။”

“အေး ဒါတော့ဟုတ်တယ်။ မင်းတို့ နိုင်ငံ‌တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကြီး အစည်းအဝေးတွေမှာ မိန့်ခွန်းပြောတဲ့အခါတိုင်း စိုက်ပျိုးရေးနဲ့ မွေးမြူရေး တိုးချဲ့ဆောင်ရွက်ဖို့ အမြဲတမ်းပြောတာ ကြားရတယ်။ နောက်ပြီး ဒေသဝမ်းစာဖူလုံဖို့၊ စားသုံးဆီထုတ်လုပ်တဲ့ ဆီထွက်သီးနှံတွေ တိုးချဲ့စိုက်ဖို့၊ ဝါတွေတောင် တိုးချဲ့စိုက်ပျိုးဖို့ပြောနေတာ ငါကြားရတယ်။ ဆန်တို့၊ ဆီတို့ကတော့ ဒို့လူတွေစားဖို့ မဖြစ်မနေလိုအပ်တာမို့ တိုးချဲ့စိုက်ခိုင်းတာ ငါလက်ခံပါတယ်။ ဝါကလည်း  ဗိုင်းငင်ချည်ချပြီး အဝတ်အထည် ရက်လုပ်လို့ရတော့ ဝတ်ရေး အတွက် လိုအပ်တယ်ဆိုတာ ငါလက်ခံပါတယ်။ အဲ ဒါပေမယ့် ပြီးခဲ့တဲ့သင်္ကြန်တွင်းတုန်းက ပြင်ဦးလွင် သွားရင်း ကော်ဖီကိစ္စပြောလာတော့ ငါ့စိတ်ထင် ဒါတော့ နည်းနည်းများသွားပြီ ထင်တယ်ကွ။”

ကျွန်တော့် အစ်ကိုကြီးကား ရုပ်မြင်သံကြားသတင်းကို အမြဲကြည့်နေသူပီပီ နိုင်ငံတော်အကြီးအကဲ၏ လှုပ်ရှားဆောင်ရွက်မှုကို အမြဲသတိပြုနေသူ ဖြစ်သည်။ 

“မများပါဘူး အစ်ကိုကြီးရ။ ကော်ဖီကလည်း ပြန်ရောင်းရင် ဈေးကောင်းရတာကြောင့် စိုက်သင့်တာ မဟုတ်ဘူးလား။ ကျွန်တော်တို့ တပ်မတော်မှာ” 

“ဘာလဲ စားလို့ရတာအကုန်စိုက်၊ စားလို့ရတာ အကုန်မွေး” ဆိုတဲ့ ဆောင်ပုဒ်ကို ပြောမလို့ မဟုတ်လား။”

စားလို့ရတာ အကုန်စိုက်

“ဟုတ်တယ်လေ အစ်ကိုကြီးရ။ ကျွန်တော်တို့ တပ်ထဲနေတုန်းက စားလို့ရတာအကုန် စိုက်တယ်။ စားလို့ရတာ အကုန်မွေးတယ်။ စစ်သားဆိုတာက နိုင်ငံတော်အတွက် (၂၄) နာရီ တာဝန်ရှိတယ်။ ကျန်တဲ့ဝန်ထမ်းတွေလို ရုံးတက်ရုံးဆင်းချိန် အတိ အကျသတ်မှတ်ထားတာ မဟုတ်ဘူး။ ဒီကြားထဲ လင်ယောကျ်ားရှေ့တန်းသွားရင် ဇနီးမယားတွေက ရတဲ့လစာလေးနဲ့ ချွေတာသုံးစွဲရတာ။ ဒီတော့ စားလို့ရတာအကုန်စိုက်ပြီး စားလို့ရတာ အကုန်မွေး မှ ကျွန်တော်တို့ တပ်မိသားစုတွေက ဝမ်းဝအောင်၊ ခါးလှအောင် နေနိုင်ကြတာ။ ဒါတောင် ကျိုင်းတုံမှာ ကျွန်တော် တာဝန်ထမ်းဆောင်တုန်းက လိုအပ်လို့ တစ်တပ်လုံးနီးပါး ရှေ့တန်းထွက်ရတယ်။ အို၊ နာ၊ ကျိုးကန်း ဆေးအဆင့်နိမ့် ရဲဘော်တွေနဲ့ ရဲမေတွေ လောက်ပဲ ကျန်တယ်။ အဲဒီအချိန်မှာ အခြေခံ စစ်ပညာသင်ထားတဲ့ ရဲမေတွေအားလုံး သေနတ် ကိုင်ပြီး ကင်းစောင့်ကြရတယ်။”

“အေးပါ။ ငါမှတ်မိပါတယ်။ ကျိုင်းတုံ မင်းတို့ဆီ ငါလာလည်တုန်းက မင်းက ရှေ့တန်းသွားနေတယ်။ တပ်မှာ အို၊ နာ၊ ကျိုးကန်း ရဲဘော်နဲ့ ရဲမေတွေပဲရှိတော့ ရဲမေတွေက ကင်းစောင့်နေကြတယ်။ ငါက ယောကျ်ားကြီးဖြစ်ပြီး ကင်းမစောင့်တော့ ငါ့ကိုယ်ငါတောင် ရှက်လာပြီး၊ ရဲဘော်တွေ ကင်းစောင့်တဲ့ နေရာသွားပြီးနေခဲ့ဖြစ်တယ်။ ကဲ မင်းတပ်တရားဟောတာ ထားပါဦး။ ကော်ဖီက ဘာဖြစ်လို့ စိုက်တာလဲ။ လက်ရှိရော ဘယ်နှဧကလောက် စိုက်ထားလဲ။ ဝင်ငွေရော ဘယ်လောက် ရလို့လဲ။”

ကျွန်တော့် အစ်ကိုကြီးက သူသိချင်တာကို ဇွတ်မေးလာသည်။ ကျွန်တော်ကလည်း ညနေကပင် အစည်းအဝေးတက်လာသူမို့ ကော်ဖီစိုက်ပျိုးရေးနှင့် ပတ်သက်ပြီး ပြောပြချင်တာနှင့်  အတော်ပင်ဖြစ် သွားသည်။

နိုင်ငံခြားဝင်ငွေရှာနိုင်ဖို့

“လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကော်ဖီ ၄၉၉၅၁ ဧက စိုက်ထားပါတယ်။ ကော်ဖီက လေးနှစ် သားအထက်မှစပြီး  ကော်ဖီသီးခူးရတာကြောင့် အသီးခူးဧကကတော့ ၃၅၃၇၆ ဧက ရှိပါတယ်။ တစ်နှစ်လုံးထွက်ရှိမှုအနေနဲ့ ကော်ဖီသီးတန်ချိန် ၉ဝဝဝ ကျော်ရရှိပြီး တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၃၆ သန်းလောက် ရရှိနေပါတယ်။ အဲ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံကို ပြည်ပနိုင်ငံတွေ က တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၅ဝ ဖိုးလောက် ကော်ဖီမှုန့်တင်သွင်းနေရတာကြောင့် ဒီ ပြည်ပထွက်ငွေလျော့နည်းစေပြီး ပြည်ပကို ပိုမိုတင်ပို့ပြီး နိုင်ငံခြားဝင်ငွေရှာနိုင်ဖို့အတွက် ကော်ဖီစိုက်ပျိုးမှု တိုးချဲ့စိုက်ပျိုးဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကြီးက  လမ်းညွှန်တာဖြစ်ပါတယ်။”

“အေး အဲဒါဆိုရင်တော့ ဟုတ်ပါပြီ။ ကော်ဖီတိုးချဲ့စိုက်ပျိုးသင့်တာကို ငါအကြမ်းဖျင်းလက်ခံပါပြီ။ အဲဒါနဲ့ လက်ရှိဒို့နိုင်ငံမှာ ဘယ်နေရာတွေမှာ စိုက်တာများသလဲ။ ကော်ဖီက ဘယ်လိုမြေမျိုး ကြိုက်သလဲ။ ငါတို့ရွာမှာရော ကော်ဖီစိုက်ရင် ဖြစ်မှာလား။”

“ကော်ဖီအမျိုးအစား နှစ်မျိုးရှိပါတယ်။ အကြမ်းဖျင်း တောင်ပေါ်ကော်ဖီနှင့် မြေပြန့်ကော်ဖီပဲပေါ့ ။ တောင်ပေါ်က ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃ဝဝဝ ကျော်ကနေ ၆ဝဝဝ လောက်အထိမှာ ဖြစ်ထွန်းတယ်။ အာရေဗီးကား(Arabica)လို့ခေါ် တယ်။ လက်ရှိစိုက်ပျိုးနေတဲ့ နေရာတွေကတော့ ကချင်ပြည်နယ်မှာ ပူတာအို၊ မြစ်ကြီးနား၊ ဗန်းမော်။ မန္တလေးတိုင်းဒေသကြီးမှာတော့ မိုးကုတ်နဲ့ ပြင်ဦးလွင်။ ရှမ်းပြည်နယ်မှာတော့ ကျိုင်းတုံ၊ တာချီလိတ်၊ လွိုင်မွေ၊ နောင်ချို၊ ရပ်စောက်၊ ပင်းတယ၊ ရွာငံ၊ ဟိုပုံး၊ နောင်တရား၊ ပင်လောင်း။ ကယားပြည်နယ်မှာတော့ လွိုင်ကော်၊ ဒီမောဆိုး။ အဲနောက်ပြီး ချင်းပြည်နယ်၊ မကွေးတိုင်း အနောက်ခြမ်းနဲ့ စစ်ကိုင်းတိုင်းမြောက်ပိုင်းတို့မှာ စိုက်ပျိုးထား ပါတယ်။ မြေပြန့်ကော်ဖီကိုတော့ ရိုဘတ်စတာလို့ ခေါ်ပြီး ကရင်ပြည်နယ်၊ လိပ်သို၊ သံတောင်ကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ စိုက်ပျိုးဖြစ်ထွန်းပါတယ်။”

“ ဟာ အဲဒါဆို ငါတို့ရွာမှာလည်း စိုက်လို့ရမှာပေါ့။ အဲ ဒါပေမယ့် ငါ့တို့ခြံထဲမှာက အုန်းပင်တွေ၊ ကွမ်းသီး ပင်တွေ၊ သရက်ပင်တွေနဲ့ ပြည့်နေတော့ မင်း ကော်ဖီစိုက်လို့ရပါ့မလား။ လောင်းရိပ်မိမှာပေါ့။”

အစ်ကိုကြီးက သူ့ခြံထဲတွင် အပင်များနှင့် ပြည့်နေ၍ ညည်းညူလိုက်သည်။  “မဟုတ်ဘူး၊ ရတယ် အစ်ကိုကြီး။ ကော်ဖီက အရိပ်ရပင်အောက်မှာ စိုက်ရတာ။ ဒီပြင် အပင်ကို စိုက်ရင် မြေကိုရှင်းလင်းပြီးမှ စိုက်ရတာ။ ကော်ဖီ ကတော့ အရိပ်ရပင်ကို အရင်စိုက်ရတာ။ ပြင်ဦးလွင် မှာဆိုရင် ခါတော်မီကို အရင်စိုက်ပြီး အဲဒီအပင် အောက်မှာ ကော်ဖီစိုက်ရတာ။  

အဲဒါကြောင့် ကော်ဖီစိုက်ရင် သစ်တောဖြစ်ထွန်းပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတယ်လို့ တောင် ပြောလို့ရတယ်။ ဒါ့ကြောင့် ရာသီဥတုပြန်မှန်လာပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးရာ တောင် ရောက်တယ်လို့ စောစောက အစည်းအဝေးမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ဆွေးနွေးသွားသေးတာ။”

ကော်ဖီဈေးကွက်ရော ရှိရဲ့လား

“အေးပါ။ ဟုတ်ပါပြီ။ ကော်ဖီတိုးချဲ့စိုက်ခိုင်းတာတော့ ဟုတ်ပါပြီ။ လက်ရှိကော်ဖီ ဈေးကွက်ရော ရှိရဲ့လား။ ကမ္ဘာမှာ ဘယ်နိုင်ငံတွေက ကော်ဖီအများ ဆုံးသောက်ကြသလဲ။”

အစ်ကိုကြီး၏ မေးခွန်းများက မြင့်သည်။ အမှန်အတိုင်းဝန်ခံရလျှင် စောစောက ကော်ဖီအစည်း အဝေးသာ တက်မထားလျှင် အစ်ကိုကြီး၏ မေးခွန်းများကို ကျွန်တော် တိတိကျကျဖြေနိုင်မည် မဟုတ်ပါ။ သို့သော် အစည်းအဝေးတွင် ကျွန်တော်တို့ ဝန်ကြီးဌာနသာမက သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကြောင့် သာ ကျွန်တော်ပြန်လည်ဖြေကြားနိုင်ခြင်း ဖြစ်ပါသည်။

“ကမ္ဘာမှာ ကော်ဖီအများဆုံး သောက်သုံးတဲ့ နိုင်ငံတွေမှာ အီးယူလို့ခေါ်တဲ့ ဥရောပနိုင်ငံတွေက ပထမ။ အမေရိကန်နိုင်ငံက ဒုတိယ။ ဂျပန်က ကော်ဖီအများဆုံးသောက်သုံးတဲ့ နိုင်ငံတွေမှာ တတိယအဆင့်မှာရှိပြီး ရုရှားနိုင်ငံက စတုတ္ထအဆင့်မှာ ရှိနေပါတယ်။ အဲဒါကြောင့် အီးယူတို့ အမေရိကန်တို့က ကျွန်တော်တို့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှုအနည်း ဆုံးနိုင်ငံတွေကို Everything but Arms လို့ခေါ်တဲ့ လက်နက်မှအပ ကျန်ကုန်စည်အားလုံးအပေါ် ကုန်သွယ်မှုဆိုင်ရာ  အထူးအခွင့်အရေးဖြစ်တဲ့ ယေဘုယျအကောက်ခွန်သက်သာခွင့် (Generalized System Preference-GSP)ကို ပေးတာကြောင့် မြန်မာ့ကော်ဖီတင်ပို့သူတွေအတွက် အကျိုးများစေ မှာဖြစ်ပါတယ်။”

 “အေး အဲဒီတော့ မင်းတို့က ကော်ဖီစိုက်ပျိုးဖို့ကို ရည်မှန်းချက် ဘယ်လောက်ထားပြီး ဘယ်ဒေသတွေမှာ ဘယ်လိုစိုက်ကြမှာလဲ။ ပြီးတော့ တိုင်းပြည်အတွက်  ဘယ်တော့လောက်  ဝင်ငွေပြန်ပြီး ရမှာလဲ။”

ကော်ဖီဧက သုံးသိန်းစိုက်ဖို့ လျာထား

“ဒီနေ့အစည်းအဝေးမှာတော့ လာမယ့် ငါးနှစ် အတွင်း ကော်ဖီဧက သုံးသိန်းစိုက်ဖို့ လျာထားပါတယ်။ ကုန်းမြင့်ကော်ဖီကို ဇုန်လေးဇုန်ခွဲပြီး စိုက်မှာပါ။ ဇုန်(၁)မှာ ပြင်ဦးလွင်၊ နောင်ချိုနဲ့ မိုးကုတ်ဒေသ ပါဝင်ပြီး တစ်နှစ်ကို ဧက ၁၅ဝဝဝ နဲ့ ငါးနှစ်မှာ ဧက ၇၅ဝဝဝ စိုက်မှာပါ။ ဇုန်(၂)မှာတော့ ရွာငံနဲ့ ပင်းတယပါဝင်ပြီး ငါးနှစ်မှာ ဧက ၃၇၅ဝဝ ။ ဇုန်(၃)ဇုန်မှာတော့ ဟိုပုံး၊ ပင်လောင်း၊ နောင်တရား၊ ဟဲဟိုး၊ မဲနယ်တောင်ပါဝင်ပြီး ငါးနှစ်မှာဧက ၅ဝဝဝဝ နဲ့ ကျိုင်းတုံနဲ့ တာချီလိတ်ပါတဲ့ ဇုန်(၄)မှာ ဧက ၃၇၅ဝဝ စိုက်မှာကြောင့် စုစုပေါင်း ဧက နှစ်သိန်း စိုက်မှာပါ။ မြေပြန့်ကော်ဖီဖြစ်တဲ့ ရိုဘတ်စတာ ကိုတော့ တနင်္သာရီတိုင်းဒေသကြီးမှာ ဧက ၅ဝဝဝဝ၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်မှာ ဧက ၂၅ဝဝဝ စီနဲ့  စုစုပေါင်း ဧက ၁ဝဝဝဝဝ စိုက်မှာပါ။ ကျွန်တော်တို့ တွက်ထားတာက ကုန်းမြင့်ကော်ဖီ ဧက နှစ်သိန်းက ကော်ဖီဆန်စိမ်း တန် ၄ဝဝဝဝ ထွက်ရှိပြီး လက်ရှိ ပေါက်ဈေး တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၃ဝဝ ပေါက်ဈေးရှိတာကြောင့် ဒေါ်လာ ၁၇၂ သန်းရမှာ ဖြစ်ပါတယ်။ ရိုဘတ်စတာ မြေပြန့်ကော်ဖီ ဧကတစ်သိန်းက ကော်ဖီဆန်စိမ်း တန် ၃ဝဝဝ ထွက်ရှိပြီး တစ်တန်ကို အမေရိကန်ဒေါ်လာ ၂ဝဝဝ ပေါက်ဈေးရှိတာကြောင့် အမေရိကန်ဒေါ်လာ သန်း ၆ဝ ရမှာပါ။ အဲဒါကြောင့် ကော်ဖီဧက သုံးသိန်းက အနည်းဆုံး နှစ်စဉ် အမေရိကန်ဒေါ်လာ ၂၃၂ သန်းရမှာပါ။ ဒါ အနည်းဆုံးနှုန်းနဲ့ တွက်ချက်ထားတာဖြစ်ပြီး ဒီထက်ပိုပြီးပဲ ရဖို့ရှိပါတယ်။

“မင်းပြောတာက တွက်ရေးတော့ စက်သူဌေးပဲ ကွာ။ ထားပါတော့ ဒို့တောင်သူတွေက ကော်ဖီစိုက် ရင် တစ်နှစ်ကို စိုက်စရိတ် ဘယ်လောက်ကုန်ပြီး ဘယ်နှနှစ်ကြာမှ အကျိုးအမြတ် ပြန်ပေါ်မှာလဲ။ အရင်းကျေမှာလဲ။”
အစ်ကိုကြီးက အတော်လေး စိတ်ပါလာပုံရသည်။ အရင်းကျေကာလပင် မေးလာသည်။

အရင်းအနှီးကြီး

“ကော်ဖီက စပြီးစိုက်ရင်တော့ အရင်းအနှီးကြီးတယ်။ ပထမနှစ်မှာ ကျင်းတူးတာ၊ ပျိုးပင် ဝယ်တာ၊ မြေဩဇာကျွေးတာ အပါအဝင် တစ်ဧကကို သိန်း ၂ဝ နီးပါးကုန်မယ်။ နောက်နှစ်တွေမှာ အပင် ပြုစုတာ၊ ထိန်းသိမ်းတာ၊ တစ်နှစ် သုံးသိန်းလောက် ကုန်ပြီး၊ လေးနှစ်မှာ ကော်ဖီသီး စခူးပြီ။ ဝင်ငွေ လေးသိန်း လောက်ပြန်ပြီးရမယ်။ နောက် နှစ်နှစ်မှာ ရှစ်သိန်းလောက်စီရပြီး။ သတ္တမနှစ်နဲ့ အဋ္ဌမနှစ်မှာ ၁၂ သိန်းလောက်စီရပြီး ရင်းထားတဲ့ အရင်းအားလုံး ကျေပြီး အမြတ်ထွက်မယ်။ နောက်နှစ်တွေမှာ တစ်ဧကကို သိန်း ၂ဝ လောက်ထိရပြီး ၁၆ နှစ်အထိ ဆက်တိုက်ရဖို့ရှိပါတယ်။ ၁၆ နှစ်ကျော်ရင်တော့ အသီးထွက်လျော့လာမယ်။”

“အေးကွာ။ မင်းပြောတာက မစားရ ဝခမန်းဆို သလိုဘဲ။ အဲ ဒါပေမယ့် စပြီးစိုက်စတော့ အရင်း အနှီးက ကြီးလွန်းသကွာ။ အဲ မင်းတို့ကော်ဖီအစည်း အဝေးမှာ နိုင်ငံတော်က၊ စိုက်ပျိုးရေးဌာနက ကော်ဖီစိုက်မယ့် တောင်သူတွေကို ဘယ်လိုပံ့ပိုးဖို့ အစီအစဉ်ရှိသလဲ။  အဲဒါရော ထည့်ပြီး ဆွေးနွေး ကြသလား။”

အစ်ကိုကြီးက ကော်ဖီစိုက်တောင်သူများ အတွက် မေးလာခြင်းဖြစ်သည်။
“ဆွေးနွေးတာပေါ့ အစ်ကိုကြီးရယ်။ ကျွန်တော် တို့ အဓိကရည်ရွယ်ပြီး ဆောင်ရွက်တာက ဆင်းရဲမှု လျှော့ချရေးနဲ့ ကော်ဖီစိုက်တောင်သူတွေရဲ့ လူနေမှု ဘဝမြင့်မားတိုးတက်ရေးပါ။ အဲဒီအတွက်ကြောင့် ကော်ဖီစိုက်မယ့်တောင်သူတွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကတစ်ဆင့် အတိုးနှုန်းသက်သာစွာနဲ့ တစ်ဧကကို ငွေ ၁ဝ သိန်းချေးပေးမယ်။ မျိုးကောင်း မျိုးသန့်ကော်ဖီပျိုးပင်  ထောက်ပံ့ပေးမယ်။ လုပ်ကွက်ငယ် တောင်သူတွေအတွက် နှစ်တို၊ နှစ်လတ်နှင့် နှစ်ရှည်ချေးငွေရရှိရေး ဆောင်ရွက်ပေးမယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာနက ပြည်ပရင်းနှီးမြှုပ်နှံလိုသူတွေ ဖိတ်ခေါ်ပေးမယ်။ မြန်မာ့ကော်ဖီ ကမ္ဘာ့ဈေးကွက်မှာ ခိုင်မာစွာ နေရာရရှိဖို့အတွက် အရည်အသွေးကောင်း ကော်ဖီထုတ်လုပ်ဖို့ နည်းပညာနဲ့ ပစ္စည်းကိရိယာတွေ ထောက်ပံ့ပေးမယ်။ ကော်ဖီဝယ်လိုအားရှိတဲ့ ပြည်ပနိုင်ငံတွေနဲ့ ဈေးကွက်ချိတ်ဆက်ဆောင်ရွက်ပေးမယ်။ ကော်ဖီလုပ်ငန်းနဲ့ ဆက်စပ်တဲ့ စက်ကိရိယာပစ္စည်းတွေ၊ အခွန်အကောက်အနည်းဆုံးနဲ့ တင်သွင်းနိုင်အောင် ဆောင်ရွက်ပေးမယ်။ မြန်မာ့ကော်ဖီအရည်အသွေးမြင့်မားပြီး ကမ္ဘာ့ဈေးကွက် မှာ ထာဝရ ရပ်တည်နိုင်အောင် နည်းပညာတွေပေးမယ်ဆိုရင် ကျွန်တော်တို့ကော်ဖီစိုက်တဲ့ တောင်သူ တွေရဲ့ ဘဝမြင့်မားလာမှာပေါ့ အစ်ကိုကြီးရဲ့။”

“မင်းမှ အပြောကောင်း။ ဒီလောက်ပြောနေမှ တော့ ကော်ဖီအကြောင်း ဆောင်းပါးလေး ဘာလေး ရေးပေါ့ကွာ။”

အစ်ကိုကြီးက ကျွန်တော်၏ ဝါသနာကို သိ၍ ဆွပေးလိုက်ခြင်းဖြစ်သည်။ 

“ရေးတော့ ရေးမလို့ အစ်ကိုကြီးရ။ ခေါင်းစဉ် ဘယ်လိုတပ်ရမလဲ စဉ်းစားနေလို့။”

“ဒါများကွာ ဘာခက်တာမှတ်လို့။ “တို့ တောင်သူတွေ ဝင်ငွေတိုးဖို့ ကော်ဖီတိုးချဲ့စိုက်ကြ စို့” ပေါ့ကွာ။”

အစ်ကိုကြီးက စကားစဖြတ်ပြီး ဖုန်းချသွားသည်။ ကျွန်တော်လည်း ဒီဆောင်းပါးကို စတင် ရေးဖြစ်ပါတော့သည်။  ။