တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား  ဖေဖော်ဝါရီ ၂၀ ရက်မှ စ၍ထုတ်ယူနိုင်

နေပြည်တော်  ၁၃   ဖေဖော်ဝါရီ

 

၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၁) ရက်မှ (၂၀) ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခွင့်လျှောက်ထားကြသော ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

 

အဆိုပါ ကြေညာချက်တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာစစ်ဌာန အသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ ဓာတ်ပုံ ကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card ) များကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၂၀) ရက် ကြာသပတေးနေ့မှစ၍ ထုတ်ယူကြရမည်ဖြစ်ကြောင်း။

 

အခြေခံပညာအထက်တန်းကျောင်း၊ (ကျောင်းခွဲ)နှင့် (တွဲဖက်) အခြေခံပညာ အထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ စာမေးပွဲဖြေဆိုခွင့် ကတ်ပြား (Identity Card )များကို မိမိတို့ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရမည်ဖြစ်ကြောင်း။

 

ပြင်ပမှ ဖြေဆိုသူများသည် စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား (Identity Card ) များကို မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူကြရမည် ဖြစ်ကြောင်း။

 

ကျောင်းသား ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့် ကတ်ပြား (Identity Card) များ ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ကြောင်း ဖော်ပြထားသည်။

 

(သတင်းစဉ်)