တမူးခရိုင်အတွင်းရှိ ကျေးရွာ(၆)ရွာတွင် Cash for Work စီမံကိန်းကို လုပ်ငန်းခွဲ(၁၅)ခုဖြင့် ဆောင်ရွက်နေ

တမူး  ၅   ဩဂုတ်

ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဝင်ငွေများရရှိစေရန် Cash for Work စီမံကိန်းကို ဖော်ဆောင်ရန် စီစဉ်လျက်ရှိရာ တမူးခရိုင်အတွင်းရှိ ကျေးရွာ(၆)ရွာတွင် လုပ်ငန်းခွဲ (၁၅)ခု ကို အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိကြောင်း တမူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာခင်၏ ပြောကြားချက်အရ သိရသည်။

လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နေမှုအနေဖြင့် ကမ္မကြီးကျေးရွာတွင် အကောင်အထည်ဖော်မည့် လုပ်ငန်းခွဲ(၃)ခုအား ဇူလိုင် ၂၄ ရက်တွင်လည်းကောင်း၊ ရေအေးကျေးရွာနှင့် နန်းမွန်းတားကျေးရွာ တို့တွင် အကောင်အထည်ဖော်ဆောင်မည့် လုပ်ငန်းခွဲ(၄)ခုအား ဩဂုတ် ၄ ရက်တွင်လည်းကောင်း စတင်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

တမူးခရိုင်အတွင်း Cash for Work စီမံကိန်းကို ဖော်ဆောင်မှုအနေဖြင့် ကမ္မကြီးကျေးရွာတွင် ကျောင်း ခြံစည်းရိုးကာရံခြင်းနှင့် ရေပြွန်(၄)စင်း တည်ဆောက်ခြင်း၊ ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းအား လည်းကောင်း၊ နန်းမွန်းတားကျေးရွာတွင် ကျောင်းခြံစည်းရိုးကာရံခြင်း၊ ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းအားလည်းကောင်း၊ နန်းအောင်မော်ကျေးရွာတွင် ရေမြောင်းတူးဖော်ခြင်း၊ ရေပိုက်သွယ်တန်းခြင်း လုပ်ငန်းအား လည်းကောင်း၊ ရေနန်းကျေးရွာတွင် အားကစားကွင်းပြုပြင်ခြင်းနှင့် မြောင်းကူးသစ်သား တံတား(၈)စင်း ပြုပြင်ခြင်းလုပ်ငန်းအားလည်းကောင်း၊ ဖိုင်လင်းကျေးရွာတွင် ကွန်ကရစ်တံတား တည်ဆောက်ခြင်း ရေပြွန်(၄)စင်းတည်ဆောက်ခြင်းနှင့် ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းအားလည်းကောင်း၊ နောင်ကတ်(ရွာဟောင်း)ကျေးရွာတွင် ရွာတွင်းလမ်း သဲကျောက်ခင်းခြင်း၊ ကွန်ကရစ်တံတား တည်ဆောက်ခြင်း ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းအားလည်းကောင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)