တန်ဆောင်မုန်းလနှင့် ကထိန်သင်္ကန်း လှူရကျိုးရှစ်ဝ

မောင်မောင်ကျော့(ပလက်ဝ)

မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု ဆယ့်နှစ်လရာသီပွဲတော် လများထဲတွင် တန်ဆောင်မုန်းလသည် ကထိန်သင်္ကန်း လှူဒါန်းမှုကို အဓိကထား ကုသိုလ်ပြုကြသည့် ပွဲတော်လ ဖြစ်ပေသည်။ ယင်းအလှူကို တစ်နှစ်လျှင် တစ်ကြိမ်၊ တစ်ကျောင်းမှာ တစ်ခါ၊ သတ်မှတ်ထားသည့် အချိန် ကာလအတွင်းသာ ပြုလုပ်ကြရသည့်အတွက် ထူးမြတ် သည့်အလှူ၊ ထူးမြတ်သောလတန်ဆောင်ဟု ဆိုစမှတ်ပြု ကြပါသည်။

ကထိန်အလှူပွဲကို သတ်မှတ်သည့်ကာလမှာ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်း လပြည့်နေ့အထိဖြစ်သည်။ မိုးအကုန်ဆောင်းအကူး၊ လေပြေမြူးကာ၊ ကောင်းကင်ယံတိမ်သလာကင်းပြီး အချိန်ကောင်း၊ အခါကောင်းနှင့် ကြုံကြရသည်ဖြစ်၍ ကထိန်အလှူတော်ပွဲသည် နှစ်စဉ်စည်ကားမြဲပင် ဖြစ်ချေ သည်။

ကထိန်အလှူသင်္ကန်းနှင့်ပတ်သက်၍ မည်ရွေ့မည်မျှ အကျိုးရှိသည်ကို ဖော်ပြ၍ပင် မကုန်နိုင်ပေ။ "ဆွမ်းဆို လျှင် မြိန်မှကောင်းသည်"၊ "ကျောင်းဆိုလျှင် သိမ်မှ ကောင်းသည်"၊ "သင်္ကန်းဆိုလျှင် ကထိန်မှကောင်းသည်" ဟူ၍ ဆိုရိုးစကားပြုထားခဲ့ကြပေသည်။

တန်ဆောင်မုန်းလ
တန်ဆောင်မုန်းလကို ပုဂံကျောက်စာတို့တွင် "တန်ဆောင်မှုန်း"၊ "တန်းဆောင်မှုန်း"ဟု ရေးထိုးထား ကြောင်း မှတ်သားရသည်။ ပေါရာဏသံပေါက်ကဗျာ တစ်ပုဒ်တွင်- "မိုက်မှောင်လွင့်ပြုန်း၊ တန်ဆောင်မုန်း၊ ဆောင်မှုန်းခေါ်သကား၊ ဟထိုးဖျောက်ကာ၊ ပြောင်းရွှေ့ လာ၊ မုန်းသာခုထင်ရှား"ဟူ၍ ဖွဲ့ထားပါသည်။ သံပေါက်ကဗျာအရ-ရှေးအခါက ရေးသားခဲ့သော တန်ဆောင်မှုန်းကို "ဟထိုး"ဖျောက်ကာ နောင်တွင် တန်ဆောင်မုန်း အမည်တွင်ခဲ့ခြင်းဖြစ်ပေည်။
တန်ဆောင်မုန်းလသည် အမိုက်အမှောင်ကို မီးရှူး တန်ဆောင်ဖြင့် ဖျောက်လွင့် ချေမှုန်းသောလဟု အဆိုရှိ သည်။ တန်ဆောင်=မီးရှူးတန်ဆောင်+မုန်း=ဖျောက်လွင့် ချေမှုန်းခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ တန်ဆောင် မုန်းဟူသော ဝေါဟာရကို ပုဒ်ခွဲကြည့်လျှင် တန်ဆောင်သည် မီးရှူး၊ မီးတိုင်၊ ဆီးမီးဟု အဓိပ္ပာယ်ရ၍ မုန်းသို့ ပြောင်းလဲ သွားသည့် မှုန်းသည် ထွန်းလင်းတောက်ပစေသည်ဟု အဓိပ္ပာယ်ရသည်။ တန်ဆောင်မုန်းလဆိုသည်မှာ မီးရှူး၊ မီးတိုင်၊ ဆီမီးတို့ကို ထွန်းလင်းတောက်ပစေသည့်လဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ထို့ကြောင့် ဆီမီးမြိုင်မြိုင် လတန်ဆောင်တိုင်ဟု ဆိုစမှတ်ပြုကြပါသည်။

ကထိန်ဟူသောဝေါဟာရ

ကထိန်ဆိုသည်မှာ "ကထိန"ဟူသော ပါဠိပုဒ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ မြဲမြံခိုင်ခံ့ခြင်းဟု အဓိပ္ပာယ်ရ၏။ ကထိန်ဟူသောစကားမှာ ပါဠိစကားမှ ပျက်လာ၍ ပြောဆိုခြင်းကိုဟော၏။ အဘယ်သို့ပြောဆို သနည်းဟုမူ ဤသို့ လှူဒါန်းခြင်းသည် ကောင်းမြတ်ပါပေ၏ ဟု ပြောဆိုခြင်းပင်ဖြစ်သည်။

မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးက သံဃာတော် အား လှူဒါန်းအပ်သော အလှူသည် များမြတ်သောအကျိုး တရားရှိပေသည်။ များမြတ်သောအကျိုးတရားတို့ကို ရရှိနိုင် ပေသည်ဟူ၍ ချီးကျူးစကား မိန့်ကြားတော်မူထားခဲ့ ချေသည်။

ကထိန်ဖြစ်ပေါ်လာရသည့်အကြောင်းရင်း

ဂေါတမမြတ်စွာဘုရား သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အာရာမ်ဖြစ်သော စေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီးနှင့် ညီနောင်များ ဖြစ်ကြသော ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့ ပါဝေယျတိုင်းမှ မြတ်စွာဘုရားအား ဖူးမြော်ရန်လာသောအခါ ခရီး အကြားရှိ သာကေတမြို့၌ ဝါကပ်ကြရကုန်၏။ ဝါကျွတ် ၍ ဘုရားရှင်ရှေ့မှောက်ရောက်ကြရာတွင် ခွင့်ပြုထား သည့် သင်္ကန်းသုံးထည်စလုံး စိုစိုစွတ်စွတ်နှင့်ရောက်ရှိ လာကြသည့်အတွက် ရဟန်းတို့၏ ပင်ပန်းဆင်းရဲမှုကို အကြောင်းပြုပြီး ကထိန်သင်္ကန်း ခင်းလှူခြင်းကို ခွင့်ပြု တော်မူခဲ့သည့်ကာလမှ စတင်ခဲ့သည်ဟု အဆိုရှိပေ သည်။

ကထိန်အလှူမြောက်ဖို့နည်းနာနိဿယကျဖို့လို

ကထိန်သင်္ကန်းလှူဒါန်းမှုကို လှူသူနှင့် အလှူခံသူ တို့၏ နှစ်ဦးနှစ်ဝအကျိုးရှိစေဖို့ နည်းနာနိဿယကျဖို့ကား လိုပေလိမ့်မည်။ ဥပမာ- မိမိတို့ လှူဒါန်းသည့် သင်္ကန်းဖြင့် ကထိန်မခင်းပါက သာမန်သင်္ကန်းအလှူမျှ သာဖြစ်ပြီး ကထိန်သင်္ကန်းမမြောက်ပေ။ အလားတူ ကထိန်အလှူမြောက်ဖို့ ရဟန်းတော်တို့ဘက်က ကထိန် အာနိသံသကို နားလည်ထားရခြင်း၊ အင်္ဂါရှစ်ပါး၊ သင်္ကန်းသုံးထည်ကိစ္စရှစ်ပါးတို့ကိုပါ နားလည်ထားရ မည်ဟု ဆိုပေသည်။


ကထိန်သင်္ကန်းလှူနိုင်သူများ


လူဖြစ်စေ၊ နတ်ဖြစ်စေ၊ ရဟန်း၊ ရဟန်းမ၊ သာမဏေ၊ သာမဏေမ၊ သိက္ခာမာန်ဟူသော မြတ်စွာဘုရားရှင်၏ အတူနေတပည့်ငါးဦးတို့ တစ်ဦးဦးဖြစ်စေ၊ ကထိန် သင်္ကန်းလှူဒါန်းနိုင်၏။ လှူဒါန်းကောင်းသည်ဟု သိရ သည်။

အချိန်သတ်မှတ်ချက်

နံနက်ပိုင်း ၈ နာရီ၊ ၉ နာရီ၊ မွန်းလွဲ ၁ နာရီ၊ ၂ နာရီ၊ ညနေပိုင်း ၄ နာရီ၊ ၅ နာရီနှင့် သက်ဆိုင်ရာ ဘုန်းတော် ကြီးကျောင်းမှ လက်ခံမည်ဆိုပါက ည ၇ နာရီ၊ ၈ နာရီ၌ ကထိန်ခင်းနိုင်ကြောင်း စာပေကျမ်းဂန်တွင် ဖတ်ရှုရပါ သည်

ကထိန်ခင်းနိုင်သည့်နေရာဌာန

မိမိတို့ရွေးချယ်ထားသည့် ကျောင်းအတွင်းတွင် လည်းကောင်း၊ မိမိတို့နေအိမ်ဂေဟာ (သို့မဟုတ်)အသင်းအဖွဲ့တည်ရာရုံးဌာန အဆောက်အအုံ၊ ဓမ္မာရုံ စသည်တို့တွင်လည်းကောင်း လှူဒါန်းနိုင်သည်။

ကထိန်သင်္ကန်းအမျိုးအစား

(၁) သင်းပိုင်(ခါးဝတ်)၊ (၂) ဧကသီ(ကိုယ်ရုံ)၊ (၃) ဒုကုဋ်(နှစ်ထပ်သင်္ကန်း)၊ (၄) အိပ်ရာခင်းသင်္ကန်း၊ (၅) မျက်နှာသုတ်ပဝါသင်္ကန်း၊ (၆) ပရိက္ခရာစေဠသင်္ကန်း (လက်သုတ်၊ ရေစစ်၊ ပဝါ)၊ (၇) နိသီဒိုင်(နေကထိုင်အခင်း) (၈) မိုးရေခံသင်္ကန်း(မိုးရေချိုးသောအခါ ဝတ်ချိုးရသော သင်္ကန်း)၊ (၉) အမာလွှမ်းသင်္ကန်း (အနာပေါက်သည့် အခါ ဝတ်ချိုးရသောသင်္ကန်း)
ဤသင်္ကန်းကိုးမျိုးတွင် သင်းပိုင်နှင့် ဧကသီကိုဒွိစုံဟု ခေါ်သည်။ သင်းပိုင်၊ ဧကသီ၊ ဒုကုဋ် ဤသုံးမျိုးကို တိစီဝရိတ်(သင်္ကန်းသုံးထည်) ဟုခေါ်သည်။ ကထိန်ခင်း ခွင့်ပြုသည့် သင်္ကန်းသုံးထည်မှာ ထိုသုံးမျိုးသာတည်း။

အလှူရှင်တို့ မှတ်သားသင့်သည်မှာ ယင်းခွင့်ပြု သင်္ကန်းသုံးထည်မှ နှစ်ထည်၊ သုံးထည်မခင်းရပါ။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုလည်း ရည်ရွယ်၍ မခင်း အပ်။ သံဃိကအလှူမြောက်အောင်၊ သံဃိကအလှူစစ်စစ် ဖြစ်အောင် သံဃာတော်တို့ကိုသာ ရည်စူးလှူဒါန်းရသည်။

ကထိန်ခင်းရမည့်ရဟန်းအင်္ဂါရှစ်ပါး

(၁) ကထိန်ခင်းရာ၌ ရှေးဦးစွာ ပြုလုပ်ရမည့် ကိစ္စအရပ်ရပ်ကို သိနားလည်ခြင်း၊
(၂) ပစ္စုဒ္ဓိုရ်ပြုလုပ်တတ်ရခြင်း၊
(၃) အဓိဋ္ဌာန်တင်ရခြင်း၊
(၄) ခင်းပုံခင်းနည်းကို သိရှိနားလည်ထားရခြင်း၊
(၅) မာတိကာသိရှိနားလည်ထားရခြင်း၊
(၆) ကြောင့်ကြမှုကိုသိရှိနားလည်ထားရခြင်း၊
(၇) ကထိန်နုတ်ပုံကိုသိရှိနားလည်ထားရခြင်း၊
(၈) အာနိသင်ကိုလည်း သိရှိနားလည်ထားရခြင်း တို့ ဖြစ်ပေသည်။

ကထိန်ခင်းရန်ကိစ္စရှစ်ပါး

(၁) ကထိန်သင်္ကန်းအလှူခံမှု၊
(၂) ကထိန်ခံထိုက်သောပုဂ္ဂိုလ်ကို သံဃာတော်တို့ က စိစစ်ရွေးချယ်ပေးမှု၊
(၃) ရွေးချယ်ခံရသူအား သိမ်အတွင်း၌ ကထိန်သင်္ကန်း ကိုပေးမှု၊
(၄) တိစီဝရိတ်အဓိဋ္ဌာန်တင်ပြီးသော သင်္ကန်းဟောင်း ကို ပစ္စုဒ္ဓိုရ်ပြုရန်အဓိဋ္ဌာန်စွန့်မှု၊
(၅) ခင်းရမည်ဖြစ်သော ကထိန်သင်္ကန်းသစ်ကို ကပ္ပဗိန္ဒုထိုးမှု၊
(၆) သင်္ကန်း၏အမည်ဖြင့် အဓိဋ္ဌာန်တင်မှု၊
(၇) နှုတ်မြွက်၍ခင်းမှု၊
(၈) ဝမ်းမြောက်ကြောင်း အနုမောဒနာပြုမှုတို့သည် ရဟန်းဘက်က တာဝန်များပင် ဖြစ်ပေသည်။

ကထိန်လျာသင်္ကန်း

ကထိန်ခင်းရာတွင် ကထိန်ခင်းမည့်ကျောင်းတိုက်ရှိ မည်သည့်ရဟန်းသံဃာတို့၏ ဆန္ဒတိုက်တွန်းချက်တို့ မပါဘဲ စေတနာရှင်များ၏ ဆန္ဒအလျောက် လှူဒါန်းသော သင်္ကန်းကိုသာ ကထိန်ခင်းရမည်ဖြစ်သည်။ ထိုသို့ ကထိန် ခင်းရန် လျာထားသောသင်္ကန်းကို ကထိန်လျာသင်္ကန်းဟု ခေါ်သည်။

ကထိန်ခင်းရန်အတွက် လှူဒါန်းသော သင်္ကန်းကို ကထိန်ခင်းရာတွင် ကမ္မဝါစာဖတ်ပြီး ရွတ်ဖတ်ပူဇော်ရသဖြင့် တစ်နည်းကမ္မဝါဖြင့် ဉတ်ရသောကြောင့် ထိုသင်္ကန်းကို "ဉတ်မကြီး" သို့မဟုတ် "ဉတ်သင်္ကန်း"ဟု ခေါ်ဆိုကြောင်း မှတ်သားရပါသည်။

ကထိန်ခင်းရာတွင် အဆိုပါ ဉတ်သင်္ကန်းကြီးကို ပုဂ္ဂိုလ်တစ်ဦးဦးအား ရည်စူး၍ မလှူဘဲ သံဃာကိုသာ သံဃဿဒေမဟု ရည်မှန်း၍ လှူဒါန်းရသည်။ ကထိန် ခင်းမည့် သင်္ကန်းကို သီးခြားသတ်မှတ်ထားခြင်းမရှိဘဲ နှစ်ထပ်သင်္ကန်းကြီးဧကသီနှင့် သင်းပိုင်တို့မှ မိမိကြိုက်နှစ် သက်ရာကို ကထိန်သင်္ကန်းအဖြစ် သတ်မှတ်လှူဒါန်းနိုင်ပါ သည်။ ကထိန်ခင်းရာတွင် အလှူခံရရှိအပ်သော သင်္ကန်း ကို နေ့မကူးစေဘဲ ကထိန်ခင်းရမည်ဖြစ်ကြောင်း ဆရာတော်ကြီးတို့၏ မိန့်ကြားချက်အရ သိရသည်။

ရဟန်းတော်တို့ရအပ်သောကထိန်အာနိသင်ငါးပါး

(၁) ရဟန်းတို့အား မပန်ကြားဘဲ ခရီးလှည့်လည်သွား လာနိုင်ခြင်း၊
(၂) အဓိဋ္ဌာန်တင်ထားသောသင်္ကန်းကို မဆောင်ဘဲ သွားနိုင်ခြင်း၊
(၃) မအပ်သောပင့်ဖိတ်ခြင်းဖြင့် ရသောဆွမ်းကို သုံးဆောင်နိုင်ခြင်း၊
(၄) ရသမျှသောသင်္ကန်းတို့ကို အဓိဋ္ဌာန်တင်သုံးဆောင် နိုင်ခြင်း၊
(၅)ကထိန်ခင်းရာကျောင်းတိုက်၌ ပေါ်ပေါက်သော သင်္ကန်းများကို သုံးဆောင်နိုင်ခြင်း စသည်တို့ဖြစ်ကြပါ သည်။

ကထိန်သင်္ကန်းလှူဒါန်းသော ဒကာ၊ ဒကာမများရအပ်သော အကျိုးအာနိသင်ငါးပါး

(၁) မိမိလိုရာအရပ်ဘက်သို့ လွတ်လပ်စွာသွားလာ နိုင်ခြင်း၊
(၂) နိဗ္ဗာန်မရမီဘဝများတွင် ကိစ္စအဝဝကို အနှောင့် အယှက်ကင်းစွာ ဆောင်ရွက်နိုင်ခြင်း၊
(၃) အစားအစာ ပစ္စည်းဥစ္စာ စည်းစိမ်တို့ကို ပေါများ စွာ ပိုင်ဆိုင်သုံးဆောင်နိုင်ခြင်း၊
(၄) အစာရေစာပေါများ၍ ဘေးအန္တရာယ် (အဆိပ် အတောက်)ကင်းစွာ သုံးဆောင်နိုင်ခြင်း၊
(၅) ရန်သူမျိုးငါးပါးမှ ကင်းဝေးရခြင်း စသည်တို့ ဖြစ်ပါသည်။

ဤသို့ဆိုလျှင် ကထိန်အလှူသည် လွယ်လင့်တကူ ခင်းယူ၍မရသကဲ့သို့ ထူးခြားသည့် သတ်မှတ်ချက်တို့ဖြင့် စည်းစနစ်ကျနမှုကို အခြေခံ၍ လှူဒါန်းကြရသောကုသိုလ် ကောင်းမှု အလှူပင်ဖြစ်ပေသည်။ သို့မှသာ ကထိန် အလှူသည် ထင်ရှားပြီး အလေးအနက်ထားကြရသည့် အလှူတော်မင်္ဂလာဖြစ်လာပေမည်။

သင်္ကန်းလှူရ ကျိုးရှစ်ဝ

ကျမ်းဂန်များတွင်- "သင်္ကန်းလှူရ၊ ကျိုးရှစ်ဝတွင်၊ ရွှေသို့အဆင်း၊ မြူကြေးကင်း၍၊ ရောင်လင်းစုံဝ၊ ထွန်းလင်းပ၏၊ မကသိန်းဖိုး၊ ပုဆိုးရလေ၊ ညိုရွှေဖြူနီ၊ ဤရှစ်လီသည်၊ ကျမ်းညီသင်္ကန်း၊ လှူကျိုးတည်း"ဟု လင်္ကာဖြင့် စပ်ဆိုဖော်ပြထားသည်ကိုလည်း တွေ့ရသည်။

ကထိန်သင်္ကန်း လှူဒါန်းသူတိုင်း ကထိန်ဒါနပြုပုံ မှန်ကန်ဖို့နှင့် အချိန်ကာလနှင့်ညီညွတ်စွာ ဆောင်ရွက် တတ်ဖို့လည်း လိုအပ်ပါသည်။

ဤသို့သောထူးခြားသည့် သင်္ကန်းလှူရ ကျိုးရှစ်ဝ နှင့် ကျမ်းညီသင်္ကန်း လှူကျိုးမြောက်အောင်၊ ဗုဒ္ဓဘာသာ ဝင်တိုင်း စည်းစနစ်ကျနစွာ လက်မလွှတ်တမ်း ကြိုးစား အားထုတ်လှူဒါန်းနိုင်ကြပါစေ။ သဒ္ဓါကြည်လင်ပါရမီရှင် များအနေဖြင့်လည်း ကထိန်သင်္ကန်း လှူဒါန်းရခြင်း အကျိုး သိရှိနားလည် လှူဒါန်းနိုင်ကြစေရန် ရည်သန်၍ ဤဆောင်းပါးဖြင့် ကုသိုလ်ပြု ရေးသားမျှဝေလိုက်ရပါသည်။