တန်ဆောင်တိုင်ရုံးပိတ်ရက်များတွင် မိုးယွန်းကြီးအင်း အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သူများပြား

ပဲခူး  ၁၂  နိုဝင်ဘာ

 

ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းအင်းကြီး ဘေးမဲ့တောအပန်းဖြေစခန်းသို့ တန်ဆောင်တိုင် ရုံးပိတ်ရက်များတွင် လာရောက် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

မိုးယွန်းကြီးအင်းသည် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်း တည်ရှိပြီး ၂၅၆၀၀ ဧက၊ ၄၀ စတုရန်းမိုင် ကျယ်ဝန်းသည်။ မိုးယွန်းကြီးအင်းတွင် ကျင်လည်ကျက်စားနေသော ရေပျော်ငှက်များနှင့် ဆောင်းခိုငှက်များ၏ ကျက်စားနယ်မြေများကို ကာကွယ်ရန်၊ ငှက်မျိုးစိတ်များနှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်၊ ရေဝပ်ဒေသ ဂေဟစနစ် ဝန်ဆောင်မှုများကို ရေရှည်တည်တံ့စေရန်နှင့် အကျိုးရှိစွာ အသုံးပြုရန်၊ ပြည်သူများ၏ ရေဝပ်ဒေသ ဂေဟစနစ် အရေးကြီးမှုအပေါ် သိမြင်မှု မြင့်မားလာစေရန်၊ ထိန်းသိမ်းရေးတွင် ပြည်သူများ ပူးပေါင်းပါဝင်လာစေရန်နှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းကို အထောက်အကူပြုစေရန် ရည်ရွယ်ထားရှိပြီး ၁၉၈၈ ခုနှစ်၊ ဧပြီ ၂၂ ရက်တွင် မိုးယွန်းကြီးအင်း ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါအင်းသည် မြေနိမ့်ရေဝပ်ဒေသဖြစ်၍ သဲနုန်းမြေ အမျိုးအစားဖြစ်ပြီး နို့တိုက်သတ္တဝါ (၁၂)မျိုး၊ ကုန်းနေ/ရေနေနှင့် တွားသွားသတ္တဝါ(၂၈)မျိုး၊ အင်းဆက် (၃၃)မျိုး၊ ဆောင်းခိုငှက် (၅၉)မျိုး၊ ဌာနေငှက် (၇၇)မျိုး၊ ငါး(၄၄)မျိုး၊ ရေနေပင် (၇၄)မျိုးရှိကြောင်း သိရသည်။

 

အများပြည်သူအားလပ်ရက် တန်ဆောင်တိုင်ရုံးပိတ်ရက်များတွင် မိုးယွန်းကြီးအင်းသို့ လူဦးရေ (၁၀၀၀)ကျော် လာရောက် လည်ပတ်လျက်ရှိကြောင်း တာဝန်ရှိသူထံမှ သိရသည်။

 

ဟိန်းထက်(ပဲခူး)