တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်လူနာသစ်(၂၉)ဦး ထပ်မံတွေ့ရှိ

တနင်္သာရီ စက်တင်ဘာ ၁၇

           

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုအရ ကုသရေး Centre ဆေးရုံများနှင့် တနင်္သာရီတံတားထိပ် ကိုဗစ်-၁၉ ထိန်းချုပ်စစ်ဆေးရေးဂိတ်များတွင် ဒေသခံပြင်ပလူနာများ၊ မြို့ပေါ်ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း (၅)ကျောင်းမှ သံဃာတော်များနှင့် သီလရှင်များ၊ လူပုဂ္ဂိုလ်များ စုစုပေါင်း (၁၈၃)ဦးအား ယမန်နေ့က ပြည်သူ့ကျန်းမာရေးဆရာမများမှ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT Test-Kit ဖြင့် ဓာတ်ခွဲစစ်ဆေးပေးရာ လူနာသစ်(၂၉)ဦးတွင် ရောဂါပိုးအတည်ပြုထပ်မံတွေ့ရှိရပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရသူ(၃၅)ဦးနှင့် သေဆုံး ကိုဗစ်လူနာ(၂)ဦး ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

           

သို့ပါ၍ စက်တင်ဘာလ(၁၆)ရက်နေ့အထိ  တနင်္သာရီမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေး Centre ဆေးရုံ(၃)ခုနှင့် COVID-19 Positive Centre များအတွင်း ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိသူ လူနာဦးရေ စုစုပေါင်း(၁၄၆၇)ဦးရှိပြီး၊  ကျန်းမာရေးပြန်လည်ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူဦးရေ(၁၁၇၉)ဦး၊ ပိုးတွေ့သေဆုံးသည့်လူနာပေါင်း(၂၀)၊  လက်ရှိ ဆေးဝါး ကုသမှုခံယူနေဆဲ ကိုဗစ်လူနာပေါင်း(၂၆၃)ဦးရှိကြောင်း သိရှိရသည်။

           

ကုသမှုခံယူဆဲ ကိုဗစ်-၁၉လူနာများမှာ တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်လူနာအဆောင်တွင် ကိုဗစ်-၁၉ လူနာ(၂၂)ဦး၊ တကူ(စံပြ)တိုက်နယ်ဆေးရုံ သီးသန့်လူနာဆောင်တွင်(၃၀)၊ မောတောင်တိုက်နယ်ဆေးရုံတွင်(၆)ဦး၊ အထက-တနင်္သာရီ Positive Centre ၌(၆၁)ဦး၊ အထက(ခွဲ)သာရဘွင်ရွာ Positive Centre တွင်(၈)ဦး၊  အလက(ခွဲ)သံတိုက် Positive Centre တွင်(၆၄)ဦး၊  အထက-ညောင်ပင်ကွင်းရွာ Positive Centre တွင်(၈)ဦး၊ အလက-လယ်တောင် ယာရွာ Positive Centre တွင် (၄၄)ဦး စုစုပေါင်း(၂၆၃)ဦးရှိပြီး သက်ဆိုင်ရာ တာဝန်ခံဆရာဝန်များက ကြီးကြပ်လျက် ဆေးဝါးကုသမှုပေးနေကြောင်း သိရှိရသည်။

 

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)