တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို အခြေခံပညာ ဆရာ/ဆရာမ သစ်လွင်များအား ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ထားဝယ် နိုဝင်ဘာ ၈

 

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ထားဝယ်ပညာရေး ဒီဂရီကောလိပ်တွင် တာဝန်ထမ်းဆောင်မည့် အခြေခံပညာ ဆရာ/ဆရာမ သစ်လွင်များကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်ပညာရေး ဒီဂရီကောလိပ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုက  အမျိုးသားပညာရည် တိုးတက်မြင့်မားရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဆရာ/ဆရာမ၏ အခန်းကဏ္ဍသည် အလွန်အရေးပါသည့်အတွက် ဆရာ/ဆရာမများကိုယ်တိုင်က အရည်အသွေး ပြည့်ဝမြင့်မားနေရန် အရေးကြီးကြောင်း၊ အခြေခံပညာ ဆရာ/ဆရာမ အင်အားပြည့်မီပြီး အရည်အသွေး မြင့်မားစေရန် ရည်ရွယ်၍ သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ပြောင်းလဲလာသော ခေတ်နှင့်အညီ စိန်ခေါ်မှုအမျိုးမျိုးဖြင့် ကြုံတွေ့နေရသော မျက်မှောက်ကာလတွင် ကျောင်းသား/ ကျောင်းသူများဘဝကို ထိန်းကျောင်းပေးနေရသော ဆရာ/ဆရာမများ၏ တာဝန်က ပိုမိုများပြားလာကြောင်း၊ သင်တန်းပြီးမြောက်၍ လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်သည့်အခါ ဆရာ/ဆရာမများက ဆရာကျင့်ဝတ်၊ ဆရာသိက္ခာနှင့်အညီ ပြောဆိုပြုမူကျင့်ကြံ နေထိုင်ကြပြီး ဆရာ့အရည်အသွေး တိုးတက်အောင် စဉ်ဆက်မပြတ် လေ့လာသင်ယူကြရန် တိုက်တွန်းလိုကြောင်း၊ ဆရာ/ဆရာမများက ကျောင်းသား/ ကျောင်းသူများကို ပညာရေးဖွံ့ဖြိုးတိုးတက်ရန်၊ လိမ္မာယဉ်ကျေးပြီး စာရိတ္တကောင်းမွန်ရန်၊ ဘေးကင်းလုံခြုံစွာ နေတတ်ရန်၊ မူးယစ်ဆေးဝါးဖြင့် လမ်းမှားမရောက်ရန်၊ နည်းပညာသစ်များ၏ အကောင်းအဆိုး၊ အကျိုးအပြစ်များကို သိရှိအောင် လေ့ကျင့်သင်ကြားပေးခြင်းဖြင့် နိုင်ငံတော်အတွက် အားထားရသော ဆရာကောင်း ဆရာမွန်များဖြစ်အောင် ကြိုးစားသွားကြရန်လိုကြောင်း ပြောကြားသည်။

 

ထို့နောက် ထားဝယ်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နီနီသန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ထားဝယ်ပညာရေး ဒီဂရီကောလိပ်တွင် တာဝန်ထမ်းဆောင်မည့် အခြေခံပညာ ဆရာ/ဆရာမ (၁၃၆) ဦးအား တာဝန်ရှိသူများက ဒီဇင်ဘာ ၈ ရက်အထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)