တနင်္သာရီတိုင်းဒေသကြီးရှိ လမ်း၊ တံတားလုပ်ငန်းများအား ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး ကြည့်ရှုစစ်ဆေး

နေပြည်တော်   ဇန်နဝါရီ   ၁၄

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ဇန်နဝါရီ ၁၃ ရက်တွင် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့ရှောင်လမ်းအပိုင်း (၂)၊ (4.3 Km)မှ (6 Km)အထိ ဖောက်လုပ်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ ပေါက်တိုင်းတံတား တည်ဆောက်ပြီးစီးမှု အခြေအနေကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။

 

ပေါက်တိုင်းတံတားသည် အရှည် ၁၄၈ ပေ၊ သံပေါင်ခုံးတံတား အမျိုးအစားဖြစ်ပြီး တံတားလုပ်ငန်းများ ပြီးစီး၍ အချောသပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထားဝယ်မြို့ရှောင်လမ်းအပိုင်း (၂) ပြီးစီးပါက မော်တော်ယာဉ်များ မြို့အတွင်းမှ ဖြတ်သန်းသွားလာရန်မလိုဘဲ ယာဉ်ကြောကြပ်တည်းမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်းဝေးခန်းမဆောင်၌ တိုင်းဒေသကြီးအတွင်းရှိ အဆောက်အအုံ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း လမ်းနှင့်တံတားများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် လိုကြောင်း၊ ကျေးလက်လမ်း၊ တံတားများကိုလည်း ဦးစားပေးဆောင်ရွက်သွားရန် လိုကြောင်း၊ လုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီရန် အလေးထားဆောင်ရွက်ရန် လိုကြောင်း၊ ဘဏ္ဍာငွေသုံးစွဲရာတွင် သတ်မှတ်ထားသည့် ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်လိုကြောင်း မှာကြားသည်။

သတင်းစဉ်