တန်းတက်အား/ကာသိပ္ပံအသင်း မကွေးကို အနိုင်ယူ

၂၁ ဖေဖော်ဝါရီ

 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၇) ပထမနေ့အဖြစ် အား/ကာသိပ္ပံအသင်းနှင့် မကွေးအသင်းတို့ မန္တလာသီရိကွင်း၌ ယှဉ်ပြိုင်ကစားရာ အား/ကာသိပ္ပံအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

 

အမှတ်လိုနေသည့် အသင်းနှစ်သင်း တွေ့ဆုံခြင်းဖြစ်ပြီး အား/ကာသိပ္ပံအသင်းက နောက်မှလိုက် ကစားကာ ဒုတိယမြောက်နိုင်ပွဲရယူနိုင်ခဲ့သည်။ အား/ကာသိပ္ပံအသင်းသည် ယခုရာသီမှ MNL သို့ တန်းတက်လာသော်လည်း အကောင်းဆုံးတုံ့ပြန်ကစားလျက်ရှိပြီး ခုနစ်ပွဲကစားအပြီးတွင် ဒုတိယမြောက် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ မကွေးအသင်းမှာမူ ဦးဆောင်ဂိုးကို မထိန်းနိုင်သောကြောင့် တတိယမြောက်ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

 

အား/ကာသိပ္ပံအသင်းသည် ဇင်ညီညီအောင်၊ သန့်ဇင်မြင့်၊ ကျော်မျိုးနိုင်စသည့် အမာခံကစားသမားများဖြင့် ပွဲထွက်ခဲ့ပြီး မကွေးအသင်းမှာလည်း သိန်းဇော်၊ ပြည်မိုး၊ နိုင်နိုင်ကျော်၊ စိုးအာကာတို့ဖြင့် ပွဲထွက်ခဲ့သည်။ ပွဲအစ ခြောက်မိနစ်မှာပင် မကွေးအသင်း ဂိုးစရခဲ့ပြီး နောက်ခံလူသိန်းဇော်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းခဲ့ခြင်းဖြစ်သည်။ သိန်းဇော်သည် ယခုရာသီအစကမှ မကွေးအသင်းသို့ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး နှစ်ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့သည်။

 

ဂိုးပေးလိုက်ရသောကြောင့် အား/ကာသိပ္ပံအသင်း ချေပဂိုးပြန်ရရန် ကြိုးပမ်းလာပြီး ပထမပိုင်းတွင် မကွေးဂိုးသမား စိုးအာကာနှင့် နောက်ခံလူများ အမှားမရှိသောကြောင့် ပထမပိုင်းအပြီးတွင် တစ်ဂိုးအသာဖြင့် အနိုင်ရနေသည်။ ဒုတိယပိုင်းတွင် အား/ကာသိပ္ပံအသင်းက ချေပဂိုးရရန် တိုက်စစ်မြင့်လာပြီး မကွေးခံစစ်မှာလည်း အမှားများလာသောကြောင့် ဂိုးများပြန်လည်ခွင့်ပြုခဲ့ရသည်။

 

၆၆ မိနစ်တွင် အား/ကာသိပ္ပံအသင်း ချေပဂိုးပြန်ရခဲ့ပြီး ခင်ကျော်ဝင်းက သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးရပြီးနောက်ပိုင်းတွင် အား/ကာသိပ္ပံအသင်း ကစားပုံပိုကောင်းလာပြီး ၇၃ မိနစ်တွင် ကြည်စိုးက ဒုတိယဂိုးသွင်းယူခဲ့သည်။

 

ဒုတိယနေ့ကို ဖေဖော်ဝါရီ ၂၂ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ သုဝဏ္ဏကွင်း၌ ဇွဲကပင်အသင်းနှင့် ရခိုင်အသင်း၊ မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

ညီမြတ်သော်တာ