တရားမဝင်ကုန်သွယ်မှု လျော့ကျရေး

တရားမဝင်ကုန်သွယ်မှုသည် မိမိတို့နိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကပင် အမြစ်တွယ်နေခဲ့ ခြင်းဖြစ်ပြီး အတိုင်းအတာအားဖြင့်လည်း ကြီးမားသည်။ တရားမဝင်ကုန်သွယ်မှုကြီးမား အားကောင်းသည်နှင့် အမျှ ပုံမှန်ကုန်သွယ်မှုစနစ်ကို ထိခိုက်စေသလို နိုင်ငံ၏ အခွန်ဘဏ္ဍာဆုံးရှုံးမှုပမာဏကိုလည်း ကြီးမားစေသည်။ တရားမဝင် ကုန်သွယ်မှုလမ်းကြောင်းမှ ဝင်ရောက်လာသည့် လူသုံးကုန်၊ စားသောက်ကုန်၊ ဆေးဝါး စသည်တို့တွင် အစားအစာနှင့် ဆေးဝါးဘေးအန္တရာယ်ကင်းရေး စစ်ဆေးမှုများမရှိခြင်းကြောင့် စားသုံးသူတို့အတွက် အန္တရာယ် ကြီးမားလှသည်။

 

တရားမဝင် ကုန်သွယ်မှုလမ်းကြောင်းများမှာ အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးက အဓိကဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့နှင့် ကုန်သွယ်မှုပမာဏမှာ အများဆုံးဖြစ်သည်။ နယ်စပ်မှ မှောင်ခိုတင်သွင်းလာသည့် ကုန်ပစ္စည်းများမှာ ပြည်တွင်းသယ်ယူပို့ဆောင်သည့် လမ်းကြောင်းတွင် စစ်ဆေးမှု အနည်းငယ်မျှကို နည်းလမ်းမျိုးစုံဖြင့် ဖြတ်ကျော်ပြီးလျှင် ဈေးကွက်သို့ရောက်သည်နှင့် အတားအဆီးမရှိ လွတ်လပ်စွာရောင်းချနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားသည်။ မြန်မာနိုင်ငံဘက်မှ တရားဝင် သွင်းကုန် ပမာဏနှင့် တစ်ဖက်နိုင်ငံတို့ရှိ အကောက်ခွန်ဌာနများမှ မြန်မာနိုင်ငံသို့ ပို့ကုန်အစီရင်ခံစာတို့မှ ပမာဏတို့ကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် တရားမဝင်ကုန်သွယ်မှုပမာဏကို သိရှိနိုင်ရာ အမေရိကန်ဒေါ်လာသန်း ထောင်ပေါင်း များစွာတန်ဖိုးရှိသည်ကို တွေ့ရသည်။ မှောင်ခိုကုန်သွယ်ရေးကြောင့် နိုင်ငံတော်၏အခွန်ဆုံးရှုံးမှုမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅၇၀ ခန့် ရှိသည်ဟု ဆိုသည်။ စစ်ဆေးရေးဂိတ်များမှ ဖမ်းဆီးရမိသည့် ပစ္စည်းများ၏ တန်ဖိုးမှာ တရားမဝင် မှောင်ခိုကုန်သွယ်နေသည့် ပမာဏ၏ လွန်စွာနည်းပါးလှသည့်အစိတ်အပိုင်းမျှသာဖြစ်ပြီး သမုဒ္ဒရာထဲတွင် မျောနေသည့်ရေခဲစိုင်ကြီးကဲ့သို့ပင် ရေပေါ်တွင် ထိပ်ပိုင်းကလေးမျှသာမြင်ရပြီး ရေအောက်တွင် မမြင်ရသောပမာဏမှာ ဧရာမကြီးမားသကဲ့သို့ ဖြစ်သည်ဟုလည်း ဆိုကြသည်။

 

တရားမဝင် မှောင်ခိုကုန်သွယ်ကြခြင်း၏ ရည်ရွယ်ချက်မှာ အခွန်ရှောင်ပြီး အမြတ်အစွန်း ကြီးကြီးမားမားရရန် သာမက အချို့သောကုန်ပစ္စည်းများနှင့်ပတ်သက်၍ လိုအပ်သော စာရွက်စာတမ်း အထောက်အထားများရရှိရေး ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများ ရှုပ်ထွေးခြင်း၊ လမ်းကြောင်းရှည်ခြင်းတို့ကြောင့်ဖြစ်သည်ဟုလည်း ဆိုကြသည်။ အချို့သွင်းကုန်များမှာ အခွန်ကောက်ခံမှုကြီးလေးသဖြင့် တရားမဝင်တင်သွင်းသည့်လမ်းကို ရွေးချယ်သွားကြခြင်းလည်း ဖြစ်သည်။ “တရားမဝင်လမ်းကြောင်းများမှ အခွန်ရှောင်ပြီးပစ္စည်းများ တရားမဝင် တင်သွင်းနေမှုများကြောင့် အိမ်နီးချင်းနယ်စပ် ကုန်သွယ်ရေးစခန်းများမှရရှိသည့် အခွန်နှုန်းထားသည် များစွာ လျော့နည်းနေသည်ကို တွေ့ရှိရကြောင်း၊ တရားမဝင်တင်သွင်းမှုများကို အုပ်ချုပ်ရေးပိုင်းက ထိထိရောက်ရောက် တားဆီးသွားရန်လိုအပ်ပြီး ရသင့်ရထိုက်သည့် အခွန်အခများကိုရရှိအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့ရာ တရားမဝင်တင်သွင်းမှုများ တားဆီးရေး၊ အခွန်ဘဏ္ဍာ ပိုမိုရရှိအောင် ကောက်ခံနိုင်ရေးတို့ကို ဖိဖိစီးစီးဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။

 

တရားမဝင်ကုန်သွယ်မှုပမာဏ ကြီးမားခြင်းက နိုင်ငံ၏စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးတို့အပေါ်တွင်လည်း သက်ရောက်မှုကြီးမားသည်။ တရားဝင်ကုန်သွယ်မှု လွယ်ကူလျင်မြန်စေရန် မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးခြင်း၊ တရားမဝင်ကုန်စည်များကို ဈေးကွက်သို့ရောက်ရှိသည့်တိုင်အောင် စစ်ဆေးအရေးယူခြင်း၊ ပြည်တွင်းမှ အလားတူ ကုန်ပစ္စည်းများကို အရည်အသွေးကောင်းမွန်အောင် ထုတ်လုပ်ပြီး ဈေးကွက်တွင်ဆွဲဆောင်ခြင်း စသည့်နည်းလမ်းများကို ကျင့်သုံးကာ မှောင်ခိုကုန်သွယ်မှု လျော့နည်းကျဆင်းရေး ဆောင်ရွက်နိုင်မည်ဟု ယူဆမိပါကြောင်း။    ။

(မြန်မာ့အလင်း)