တရုတ်ကုမ္ပဏီငါးခုကို အမေရိကန်ပိတ်ဆို့မှုပြုလုပ်

ဝါရှင်တန် ၉  သြဂုတ်

အစိုးရအေဂျင်စီများက တရုတ်ကုမ္ပဏီ ငါးခုတို့မှ ပစ္စည်းကိရိယာများ ဝယ်ယူခြင်းကို တရားဝင်တားမြစ်သည့် စည်းမျဉ်းများအား အမေရိကန်က ထုတ်ဖော်ပြောကြားလိုက်ကြောင်း သိရသည်။ အဆိုပါ ပိတ်ပင်မှုသည် လာမည့်သြဂုတ် ၁၃ ရက်တွင် စတင်သက်ရောက်မည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လက အတည်ပြုလိုက်သည့် နိုင်ငံကာကွယ်ရေး ခွင့်ပြုချက်ဥပဒေ၌ အရိပ်အမြွက် ဖော်ပြထားသည့် တားမြစ်ချက်တစ်ရပ်ကို အဆိုပါစည်းမျဉ်းများဖြင့် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပြီး အစိုးရအေဂျင်စီများအနေဖြင့် ဆက်သွယ်ရေး ကုမ္ပဏီများဖြစ်သည့် ဟွာဝေးနှင့် ဇက်တီအီး အပါအဝင် အခြားကုမ္ပဏီ ငါးခုတို့မှ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ဝယ်ယူခြင်းကို အဆိုပါစည်းမျဉ်းများအရ တားမြစ်ပိတ်ပင်ထားကြောင်း သိရသည်။

ထို့အပြင် တားမြစ်ထားသည့် ကုမ္ပဏီငါးခုမှ ထုတ်ကုန်ပစ္စည်းများကို အသုံးပြုသည့် ကမ္ဘာတစ်ဝန်းရှိ မည်သည့်ကုမ္ပဏီနှင့်ဖြစ်စေ အစိုးရအေဂျင်စီများ အနေဖြင့် စီးပွားရေး လုပ်ကိုင်ခြင်းမပြုရန် အမေရိကန်အစိုးရက တားမြစ်လိုက်ကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ