တရုတ်နိုင်ငံအနောက်မြောက်ပိုင်း၌ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၁၆ ဦးရှိလာ

ဩဂုတ် ၁၈

 

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကင်ဂီပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေများ ကျဆင်းမှုကြောင့် ယနေ့မွန်းလွဲပိုင်းအထိ သေဆုံးသူ ၁၆ ဦးအထိ မြင့်တက်လာပြီး အခြား ၃၆ ဦး ပျောက်ဆုံးလျက်ရှိသည်ဟု ဒေသန္တရအာဏာပိုင်များက ပြောကြားသည်။

 

Datong Hui နှင့် Tu ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် ဩဂုတ် ၁၇ ရက် ည ၁၀ နာရီ ၂၅ မိနစ်မှစတင်ကာ ရုတ်တရက်သည်းထန်စွာရွာသွန်းခဲ့သောမိုးကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပွားကာ မြစ်ကြောင်းများ ပြောင်းသွားသည်ဟု သိရသည်။

 

အဆိုပါသဘာဝဘေးများကြောင့် ကျေးရွာခြောက်ရွာရှိ ဒေသခံ ၆၂၄၅ ဦး ရေဘေးသင့်ခဲ့သည်။

 

သဘာဝဘေးအရေးပေါ်တုံ့ပြန်ရေးအဆင့်တစ်မှ အဆင့်လေးအထိရှိရာ ထိုပြည်နယ်တွင် သဘာဝဘေးအရေးပေါ်တုံ့ပြန်ရေး အဆင့် နှစ်သို့ ချက်ချင်းသတ်မှတ်လုပ်ဆောင်ခဲ့သည်။

 

ဒေသန္တရအာဏာပိုင်များက ရဲတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အရေးပေါ်သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့၊ ကျန်းမာရေးနှင့်အခြားဌာနဆိုင်ရာများမှ အဖွဲ့ဝင် ၂၀၀၀ ကျော်နှင့် ယာဉ်အစီးရေ ၁၆၀ ကျော်တို့ကို ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ပို့ဆောင်ထားသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို