တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့် ကြောင်ပန်းစေ့များ ဈေးမြင့်တက်ကာ အရောင်းသွက်

မန္တလေး ၂၈ အောက်တိုဘာ 

မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အလေ့ကျပေါက်သည့် ကြောင်ပန်းပင်မှထွက်ရှိသော ကြောင်ပန်းစေ့များအား ယခုရာသီတွင် တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့် မန္တလေးဈေးကွက်အတွင်း ယခင်နှစ်ကာလတူထက် ဈေးများမြင့်တက်ကာ အရောင်းသွက်လျက်ရှိကြောင်း မန္တလေး ကုန်သည်များထံမှ သိရသည်။

အဆိုပါ ကြောင်ပန်းစေ့များသည် တော်သလင်းလတွင် စတင်ထွက်ရှိကာ ယခုသီတင်းကျွတ်တွင် လှိုင်လှိုင်ထွက်ပေါ်ပြီး တန်ဆောင်မုန်းလအထိ ထွက်ရှိကြောင်းနှင့် ၎င်း ကြောင်ပန်းစေ့များအား ၂၀၁၅ ခုနှစ်မှစတင်ကာ တရုတ်ပြည်ဈေးကွက်သို့ စမ်းသပ်ပို့ဆောင်ရောင်းချခဲ့ရာမှ ဈေးကွက်ခိုင်မာမှု ရရှိခဲ့ကြောင်း သိရသည်။

“ဒီကြောင်ပန်းပင်က အညာဒေသတွေမှာ မစိုက်ပျိုးဘဲ သဘာဝအလျောက် အလေ့ကျပေါက်ရောက်တဲ့ အပင်အမျိုးအစားဖြစ်တယ်။ အဓိကအနေနဲ့ အပူပိုင်းဒေသ သဲချောင်းအနီးပတ်ဝန်းကျင်နဲ့ ဧရာဝတီ၊ ချင်းတွင်း ကမ်းစပ်တွေမှာ အများအပြား ပေါက်ရောက်ပြီး၊ သဲဆန်တဲ့မြေမှာ ပိုပြီးရှင်သန်မှု ကောင်းတယ်။ အပင်အမြင့်က လူတစ်ရပ်လောက်ရှိပြီး အစေ့ကို ခူးဆွတ်ရောင်းချရတဲ့ အပင်အမျိုးအစား ဖြစ်တယ်။ လက်ရှိဈေးကွက်မှာတော့ ဒီကြောင်ပန်းစေ့တွေကို နည်းပညာနဲ့ ပေါင်းစပ်ပြီး ဆေးဝါးနှင့် အလှကုန်ပစ္စည်း ထုတ်လုပ်တဲ့နေရာတွေမှာ အသုံးပြုတယ်လို့ ကြားသိရတယ်။” ဟု မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ) က ပြောသည်။

လက်ရှိမန္တလေးဈေးကွက်၌ ယခင်နှစ်ကာလတူ အချိန်က တစ်ပိဿာလျင် ၃၀၀၀ ကျပ်နှုန်းသာ ရှိခဲ့သော ကြောင်ပန်းစေ့များမှာ ယခုရာသီတွင် တရုတ်ဝယ်လက်များမှ တစ်ပိဿာလျင် ၅၅၀၀ ကျပ်မှ ၆၀၀၀ ကျပ်နှုန်းအထိ အမြင့်ဈေးများပေးကာ အပြိုင်ဝယ်ယူနေမှုကြောင့် အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိကာလတွင် မန္တလေးဈေးကွက်အတွင်းသို့ မင်းဘူး၊ ရေနံချောင်း၊ ကျောက်ပန်းတောင်း၊ ချောက်၊ ပခုက္ကူ၊ မုံရွာ၊ ပြည်မြို့များမှ ထွက်ရှိသည့် ကြောင်ပန်းစေ့များ ဝင်ရောက်လျက်ရှိရာ ဈေးကွက် အခြေနေလည်း ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)