တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအလုံးပေါင်း သန်း ၆၁၀ ကို ဒီနှစ်ကုန်ပိုင်းမှာ ထုတ်သွားမယ်လို့ပြော

၂၅ စက်တင်ဘာ

တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် Covid-19 ကာကွယ်ဆေးကို ဒီနှစ်ကုန်ပိုင်းအတွင်းမှာ ဆေးအလုံးရေ သန်းချီပြီး ထုတ်လုပ်မယ့်လို့ တာဝန်ရှိသူတွေက ဒီနေ့ (သောကြာနေ့) မှာ ပြောကြားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၁ သန်းနီးပါး ဖြစ်နေချိန် ကမ္ဘာတစ်ဝန်းက သိပ္ပံပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးကို ထုတ်လုပ်ရန် အပြိုင်အဆိုင် ကြိုးစားနေပါတယ်။

တရုတ်ကျန်းမာရေးအရာရှိတွေက ဒီနှစ်ကုန်ပိုင်းမှာ ရောဂါပိုး ကာကွယ်ဆေး အလုံးရေပေါင်း ၆၁၀ သန်း ထုတ်လုပ်ဖို့ ပြင်ဆင်ထားကြောင်းနဲ့ ၂၀၂၁ နှစ်မှာ ကာကွယ်ဆေး ၁ ဘီလီယံ ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

တရုတ်ဆေး ကုမ္ပဏီ ၁၁ ခုဟာ ဗိုင်းရပ်စ် ကာကွယ်ဆေးကိုထုတ်လုပ်ရန် လူတွေနဲ့ စမ်းသပ်နေတဲ့အဆင့်မှာ ရှိနေပါတယ်။ ဆေးဝါးအသစ် ထုတ်ရန်အတွက် အဆင့်လေးဆင့် လိုအပ်ရာ ဗိုင်းရပ်စ်ပိုးကာကွယ်ဆေးအတွက် အဆင့်သုံးအနေနဲ့ လူအများပေါ်မှာ စမ်းသပ်နေပြီဖြစ်ပါတယ်။

အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့ တာဝန်ရှိသူ ရှန်ဆောင်ဝေ တရုတ်နိုင်ငံက ထုတ်မယ့် ကာကွယ်ဆေးတွေဟာ ဘေးအန္တရာယ်ကင်းပြီး ကောင်းမွန်ကြောင်းနဲ့ ဆေးရဲ့ဘေးထွက်ဆိုးကျိုး မရှိကြောင်း ပြောပါတယ်။

တရုတ်နိုင်ငံက National Biotec Group (CNBG) နဲ့ Sinopharm ကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကို အရှေ့အလယ်ပိုင်းဒေသက လူပေါင်း ၃၅,၀၀၀ နဲ့ စမ်းသပ်ပြီးကြောင်း သိရပါတယ်။

ကာကွယ်ဆေး ထုတ်လုပ်နေတဲ့ နောက်ထပ်ဆေးကုမ္ပဏီ Sinovac မှ ထုတ်လုပ်မယ့် ကာကွယ်ဆေးဟာလည်း တတိယအဆင့်အနေနဲ့ တောင်အမေရိကနိုင်ငံတွေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ စမ်းသပ်နေပါတယ်။

တရုတ်စစ်တပ်နဲ့ CanSino Biologics တို့ ပူးတွဲထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကိုလည်း ဉရောပနဲ့ အာရှနိုင်ငံမှာ စမ်းသပ်ဖို့ ခွင့်ပြုမိန့် ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

MDN

ကိုကား - AFP