တရုတ်နိုင်ငံ၌ အဆုတ်ရောင်ရောဂါဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၇ ဦးထပ်မံတွေ့ရှိ

ပေကျင်း ၂၀ ဇန်နဝါရီ

 

တရုတ်နိုင်ငံ၌ ဆားစ်ရောဂါနှင့် ဆင်တူသည့် ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၇ ဦးကို ထပ်မံတွေ့ရှိရကြောင်း ဇန်နဝါရီ ၁၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။ ကူးစက်ခံရသူများ အနက် သုံးဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိသည့် အတွက် ဒေသခံပြည်သူများအကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေသည်။

 

တရုတ်နှစ်သစ်ကူးပွဲတော်နေ့ရက် နီးကပ်လာပြီ ဖြစ်သဖြင့် ယင်းအချိန်တွင် ပြည်သူသန်းပေါင်းများစွာတို့ နိုင်ငံအတွင်း လှည့်လည်သွားလာကြမည်ဖြစ်ရာ ရောဂါကူးစက်ပြန့်ပွားမည့်အခြေအနေကို ပြည်သူများက စိုးရိမ်လျက်ရှိသည်။

 

ပြီးခဲ့သည့် ၂၀၀၂ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်အတွင်း တရုတ် ပြည်မကြီးနှင့် ဟောင်ကောင်တို့တွင် ကူးစက်မြန်ပြင်းထန် အဆုတ်ရောင်ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် လူပေါင်း ၆၅၀ နီးပါးသေဆုံးခဲ့ရသည်ဖြစ်ရာ ယခုထပ်မံတွေ့ရှိရသည့် ကိုရိုနာဗိုင်းရပ်စ် အမျိုးစားသစ်ကူးစက်ပျံ့နှံ့မှုကို အာဏာပိုင်များက သတိကြီးစွာဖြင့် စောင့်ကြည့်လျက် ရှိသည်။

 

ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်သည့် အဆုတ်ရောင် ရောဂါစတင်ဖြစ်ပွားရာ နေရာဟုယူဆရသည့် တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇ ဦးကို ထပ်မံတွေ့ရှိရပြီး ၎င်းတို့ထဲမှ လူနာနှစ်ဦးကို အရေးပေါ်ရွှေ့ပြောင်းရန် လိုအပ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ရောဂါကူးစက်ခံရသူများမှာ အသက် ၃၀မှ ၇၀ နှစ်အတွင်း အသက်အပိုင်းအခြားတွင် ဖြစ်သည်။

 

ယခုအခါ ဝူဟန်၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်မှာ ၆၂ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း မြို့တော်အာဏာပိုင်များက ပြောကြားခဲ့သည်။

 

ရောဂါကူးစက်ခံရသူ ရှစ်ဦးမှာ အရေးပေါ်အခြေအနေ ဖြစ်ပြီး ၁၉ ဦးမှာ ဆေးကုသမှုခံယူပြီးဖြစ်ကာ ဆေးရုံမှ ဆင်းလာခဲ့ပြီ ဖြစ်ကြောင်း၊ ကျန်လူနာများကို တစ်ဦးချင်း သီးသန့်ထားရှိကာ ဆေးကုသမှုဆောင်ရွက်နေကြောင်း သိရသည်။

 

ရောဂါဖြစ်ပွားသူများထဲတွင် အချို့မှာရောဂါဖြစ်ပွားရာ အဓိကနေရာဟု ယူဆရသည့် ပင်လယ်စာရောင်းချသည့် ဈေးကို သွားရောက်ခဲ့ဖူးခြင်းမရှိကြောင်း အာဏာပိုင်များ က ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

 

လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်ခြင်းဖြစ်သည်ဟု အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း ထိုသို့ကူးစက် နိုင်သည့် ဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း အာဏာပိုင်များကပြောသည်။ တရုတ်နိုင်ငံ ပြင်ပ၌လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူသုံးဦးရှိခဲ့ပြီး ဂျပန်နိုင်ငံမှ တစ်ဦးနှင့် ထိုင်းနိုင်ငံမှ နှစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

 

အေအက်ဖ်ပီ