တရုတ်နိုင်ငံတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကြောင့် သေဆုံးသူ ၂၆ ဦးရှိလာ

ပေကျင်း ၂၅ ဇန်နဝါရီ


တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၆ ဦးရှိလာပြီဖြစ်သလို ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၈၅၀ ထက်မနည်းရှိကြောင်း နိုင်ငံတကာသတင်းရင်းမြစ်များတွင် ဇန်နဝါရီ ၂၄ ရက်က ဖော်ပြသည်။


ရောဂါဖြစ်ပွားရာ တရုတ် နိုင်ငံအလယ်ပိုင်း ကုန်းတွင်းပိုင်းမြို့လေးဖြစ်သည့် ဝူဟန်မြို့ပြင်ပတွင် သေဆုံးသူနှစ်ဦးအပါအဝင် စုစုပေါင်း သေဆုံးသူ ၂၆ ဦးရှိလာပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။


ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်မြို့တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူဟု သံသယရှိသူ ၁၀၇၂ ဦးကို စမ်းသပ်မှုများ လုပ်ဆောင်နေကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က မကြာသေး မီက ပြောကြားလိုက်သည်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့အဆင့် အရေးပေါ်ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ဟန် မရှိဟု သုံးသပ်ကြေညာချက် ထွက်ပေါ်လာပြီးနောက် အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံရသူများ တဖြည်းဖြည်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။


တရုတ်နိုင်ငံသည် ဝူဟန်တစ်ဝန်းရှိ လူပေါင်း သန်း ၂၀ ခန့်ကို သီးသန့်ခွဲခြားထားကာ အနီးနားမြို့များလည်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအပေါ် တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရသည်။ တရုတ်နှစ်သစ်ကူး အားလပ်ရက် ခရီးများသွားကြမည့် ရက်သတ္တပတ်အလို အချိန်မျိုးတွင် ရောဂါမပြန့်ပွားရေး ဆောင်ရွက်ချက်များကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်။


ဝူဟန်မြို့ဒေသခံများကိုလည်း မြို့မှ ထွက်ခွာခြင်းမပြုရန် တားမြစ်ထားကြောင်း သိရသည်။ ဝူဟန်ရှိ လမ်းများနှင့် ဈေးဆိုင်များလည်း တိတ်ဆိတ်လျက်ရှိပြီး တချို့မီဒီယာများတွင် ဝူဟန်မြို့ကို ထိတ်လန့်ကြောက်ရွံ့စရာကောင်းသော မြို့တော်အဖြစ် သတင်းများတွင် ဖော်ပြထားကြောင်း သိရသည်။


ရောဂါကူးစက်ခံရသူများတွင် ၁၇၇ ဦးမှာ ပြင်းထန်သော အခြေအနေရှိပြီး ၃၄ ဦးမှာဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ပြောသည်။


အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ် တစ်မျိုးဖြစ်သည့် ကိုရိုနာ ဗိုင်းရပ်စ်ကို ပင်လယ်စာများ ရောင်းချသော ဝူဟန်ဈေးအတွင်း စတင်တွေ့ရှိရပြီး ယခုအခါ အဆိုပါ ဗိုင်းရပ်စ် ပိုးမှာ အမေရိကန်ပြည်ထောင်စုအထိ ပျံ့နှံ့ရောက်ရှိနေကြောင်း သိရသည်။

 

အေအက်ဖ်ပီ