တရုတ်ရုပ်သံဇာတ်လမ်းတွဲ "ပျော်ရွှင်မှုရှာပုံတော်" သရုပ်ဆောင်နှင့်အဖွဲ့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ

ရန်ကုန် ၁၄ ဇန်နဝါရီ

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ပြသနေသည့် ရုပ်သံဇာတ်လမ်းတွဲ "ပျော်ရွှင်မှုရှာပုံတော်" Ode to Joy ၏ အဓိကသရုပ်ဆောင် Qiao Xin နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် သင်တန်းခန်းမ၌ တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများနှင့် တွေ့ဆုံသည်။

ယင်းတွေ့ဆုံပွဲတွင် "ပျော်ရွှင်မှုရှာပုံတော်" ဇာတ်လမ်းတွဲ၏ ဇာတ်ဆောင်မိန်းကလေး Guan Ju Er အနေနှင့် သရုပ်ဆောင်ခဲ့သော မင်းသမီး Qiao Xin သည် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ တီဗွီဒရမ်မာဖန်တီးမှု အတွေ့အကြုံများနှင့် ခေတ်သစ်တရုတ် လူငယ်များအပေါ်သူတို့၏ ခံစားချက်များအကြောင်း ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား ပြောကြားသည်။

"ပျော်ရွှင်မှုရှာပုံတော်" ရုပ်သံဇာတ်လမ်းတွဲသည် တရုတ်နိုင်ငံတွင် ပရိတ်သတ်အများအပြား ရရှိခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ကြည့်ရှုသူများနှင့် ပရိသတ်များရရှိခဲ့သည်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၏ ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က ယခု "ပျော်ရွှင်မှုရှာပုံတော်" အဖွဲ့သားများနှင့် မင်းသမီး Qiao Xin တို့ လာရောက်ခဲ့မှုအပေါ် လှိုက်လှဲစွာ ကြိုဆိုပါကြောင်းနှင့် လာရောက်ခြင်းအတွက် တရုတ်နိုင်ငံရှိ လူငယ်များ၏ ဘဝနေထိုင်မှုနှင့် အတွေးခေါ်များကို သိရှိစေပြီး တရုတ်နိုင်ငံ၏ ဓလေ့ထုံးစံများကို ပိုမိုသိရှိစေပါကြောင်းဖြင့် ပြောကြားသည်။

ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများသည် နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့များကို ပျံနှံ့စေသော အဓိက သယ်ဆောင်ပေးသူများဖြစ်ပြီး ဘာသာစကားအသစ် သင်ယူရန်ကောင်းမွန်သော ကိရိယာလည်း ဖြစ်သည့်အတွက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် တရုတ်စာဌာန၏ ကျောင်းသား/ကျောင်းသူ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ကာ တရုတ်စာသင်ယူရခြင်း၏ အကျိုးရလဒ်များကို စင်ပေါ်တွင် မျှဝေသည့် အစီအစဉ်တစ်ခုလည်း ထည့်သွင်းပြုလုပ်ခဲ့သည်။

၎င်းအပြင် ယနေ့ပွဲတွင် တရုတ်ဘာသာ ကျောင်းသား/ကျောင်းသူများအတွက် စကားပုံပြိုင်ပွဲကိုလည်း ကျင်းပခဲ့သည်။ အနိုင်ရရှိသော ကျောင်းသား/ ကျောင်းသူများအား ဇန်နဝါရီ ၁၅ ရက်တွင် ပြုလုပ်မည့် "ပျော်ရွှင်မှုရှာပုံတော်" ဇာတ်လမ်းတွဲ၏ ပရိသတ်တွေ့ဆုံပွဲ လက်မှတ်များကိုလည်း ပေးအပ်ခဲ့သည်။

တရုတ်နိုင်ငံတွင် အောင်မြင်စွာ ပြသခဲ့သော "ပျော်ရွှင်မှုရှာပုံတော်" ဇာတ်လမ်းတွဲသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်၌ စတင်ပြသခဲ့ပြီး အပတ်စဉ် ကြာသာပတေးနေ့နှင့် သောကြာနေ့တိုင်း မွန်းလွဲ ၁ နာရီမှ ၂ နာရီအထိ ပြသသော ဇာတ်လမ်းတွဲဖြစ်သည်။ ၎င်းသည် မြန်မာပရိသတ်များ အထူးသဖြင့် လူငယ်များအကြားတွင် လူကြိုက်များသည်။ "ပျော်ရွှင်မှုရှာပုံတော်" ဇာတ်လမ်းတွဲသည် နိုင်ငံခြားတွင် အလုပ်လုပ်နေသူ Andy (Liu Tao), နိုင်ငံခြားကုမ္ပဏီတွင် အလုပ်လုပ်နေသူ Fan Shengmei (Jiang Xin), ရုံးဝန်ထမ်း Qu Xiaoying (Wang Ziwen), Qiu Yingying (Yang Zi) နှင့် Guan Gu Er (Qiao Xin)တို့ မိန်းကလေး ၅ ယောက်၏ လူငယ်ဘ၀ အတွေ့အကြုံအခက်အခဲများကို အတူတကွ ဖြတ်ကျော်ကြပုံကို ပုံဖော်ရိုက်ကူးထားကြောင်း သိရသည်။

ယနေ့တွေ့ဆုံမှုသည် ယူနန်အသံနှင့် ရုပ်မြင်သံကြားဌာနနှင့် ဒုန်ရန်နွန်းဆန်းရှိုင်းဖလင်နှင့် ရုပ်မြင်သံကြားဌာနတို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား အပြန်အလှန် နားလည်ရန်နှင့် ရုပ်မြင်သံကြားမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများ၏ ရင်းနှီးချစ်ကြည်မှု ပိုမိုခိုင်မြဲစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း-ကိုကိုဇော်
ဓာတ်ပုံ-ဇော်မင်းလတ်