တတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးများသို့ တက်ရောက်ရန် မဲဆန္ဒနယ် အသီးသီးမှ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော်သို့ရောက်ရှိ

နေပြည်တော်၊  ၂၄  ဇန်နဝါရီ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်တွင် စတင်ကျင်းပမည့် တတိယအကြိမ် လွှတ်တော်ပထမ ပုံမှန်အစည်းအဝေးများတက်ရောက်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်မဲဆန္ဒနယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော်သို့ရောက်ရှိ လျက်ရှိကြပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် နေပြည်တော် သတ်မှတ်နေရာများတွင် ဖွင့်လှစ်ထားသည့် သတင်းပို့လက်ခံဌာနများသို့ လာရောက်သတင်းပို့လျက်ရှိကြောင်း သိရသည်။

နေပြည်တော်သို့ ရောက်ရှိလာကြသည့် လွှတ်တော်ကိုယ်စားလှယ်များကို ပထမဦးစွာ ဥတ္တရသီရိ ဟိုတယ်၌ ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ Swab Test ရယူစစ်ဆေးပြီး ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်ရရှိမှသာ သက်ဆိုင်ရာသတင်းပို့ လက်ခံဌာနများက လက်ခံဆောင်ရွက်မှု ပြုလုပ်ပေးကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတင်းပို့လက်ခံဌာနများကို နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဧည့်ရိပ်သာတွင် တည်းခိုနေထိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များ အတွက် နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင်လည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် တည်းခိုနေထိုင်မည့် လွှတ်တော် ကိုယ်စားလှယ်များအတွက် အဆိုပါဌာနချုပ် ရိပ်သာတွင်လည်းကောင်း၊ မိမိအစီအစဉ်ဖြင့်တည်းခိုနေထိုင်မည့် လွှတ်တော် ကိုယ်စားလှယ်များအတွက် ပြည်သူ့လွှတ်တော်ရေးရာဆောင် အမှတ် ၁၂ တွင် လည်းကောင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအတွက် အမှတ်()စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ရွာတော်)တွင်လည်းကောင်း ဖွင့်လှစ်ပေးထားပြီး ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက သတင်းပို့လက်ခံခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဇန်နဝါရီ ၂၃ ရက်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၀၀ ကျော် သတင်းပို့ လက်ခံဌာနများသို့ လာရောက်သတင်းပို့ခဲ့ကြပြီး ယနေ့တွင်လည်း ကျန်ရှိနေသည့် လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်သတင်းပို့လျက်ရှိကြောင်း သိရသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဇန်နဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် သတင်းပို့လက်ခံဌာနများသို့ လာရောက်သတင်းပို့ကြရန် ကြေညာထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လာရောက်သတင်းပေးပို့နိုင်ခြင်းမရှိသေးသည့် လွှတ်တော် ကိုယ်စားလှယ်များအတွက် သတင်းပို့လက်ခံဌာနများကို ဆက်လက်ဖွင့်လှစ် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ သတင်းပို့နိုင်ဖို့အတွက် နေပြည်တော် စည်ပင်ဧည့်ရိပ်သာကို ဇန်နဝါရီ ၂၁ ရက်၊ ၂၂ ရက်မှာ ကြိုရောက်ကြပါတယ်။ ကျွန်တော်တို့ သတင်းပို့လက်ခံဌာနတွေမှာ တရားဝင်သတင်းပို့တာကတော့ မနေ့ကနဲ့ ဒီနေ့ နှစ်ရက် ဖြစ်ပါတယ်။ အရင်က လွှတ်တော်ကိုယ်စားလှယ်တွေကို စည်ပင်ဧည့်ရိပ်သာမှာပဲ သတင်းပို့ပြီး ဇန်နဝါရီ ၂၅၊ ၂၆ ရက်တွေမှာ ဆေးစစ်ဖို့ဆောင်ရွက် ထားပေမယ့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ နေပြည်တော်ရောက်ရောက်ချင်း ဆေးစစ်ပြီး Negative ဖြစ်မှသာ တည်းခိုရာနေရာတွေမှာ လက်ခံသွားဖို့ ညွှန်ကြားထားပါတယ်။ နေပြည်တော်ပြင်ပမှ လွှတ်တော်ကိုယ်စား လှယ်အားလုံးအနေနဲ့ ဘယ်ဒေသက လာခဲ့တာပဲဖြစ်ဖြစ်  ဥတ္တရသီရိဟိုတယ်ကို သွားပြီး သတင်းပို့ရပါတယ်။ အဲဒီမှာ ကိုဗစ်-၁၉ ရောဂါရှိမရှိ ဆေးစစ်ပါတယ်။ ဆေးစစ်ပြီး ရောဂါကင်းစင်မှသာ တည်းခိုရာနေရာတာတွေကို လာရောက်ကြပါတယ်။ 

နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ နေထိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် အားလုံးကို ဇန်နဝါရီ ၂၈၊ ၂၉ ရက်တွေမှာ ထပ်မံဆေးစစ်ရမှာပါ။  အခုစစ်တဲ့ အထဲမှာတော့ နေပြည်တော်အတွင်းမှာနေထိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ မပါပါဘူး။ မနေ့က လာရောက်စာရင်းသွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးရေကတော့ စည်ပင်ဧည့် ရိပ်သာမှာ ၈၆ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဌာနချုပ်မှာ ၁၃ ဦး၊ လွှတ်တော်ဝင်းအတွင်း I-12 မှာ ဦး အားလုံး ပေါင်း ၁၀၂ ဦးရှိပါပြီ။ ဒီနေ့ လွှတ်တော် ကိုယ်စားလှယ်အားလုံးရောက်ဖို့ လျာထားပေမယ့် ဆေးစစ်ချက်တွေအပေါ် မူတည်ပြီး အားလုံးရောက်ချင်မှလည်း ရောက်မှာပါ။ အားလုံးမရောက် သေးဘူးဆိုရင်လည်း လူကြီးတွေကိုတင်ပြပြီး ကျွန်တော်တို့ ဆက်လက်လက်ခံပေး သွားမှာပါဟု ပြည်သူ့လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးညွန့်လင်းက ပြောသည်။

သတင်းပေးပို့ကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကထုတ်ပေးသည့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုလွှာနှင့် လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကတ်ပြားများကို ပြည်သူ့လွှတ်တော်ရုံး ဝန်ထမ်းများက စနစ်တကျ စာရင်းရေးသွင်းထုတ်ပေးလျက်ရှိကြသည်။

လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိစဉ် ကာလအတွင်း တည်းခိုနေထိုင်စားသောက်ရေး ကိစ္စရပ်များကိုလည်း ယခင်လွှတ်တော် အစည်းအဝေးများအတိုင်း စီစဉ်ဆောင်ရွက်ထားရှိပေးထားပြီး အစည်းအဝေးကျင်းပမည့် ရက်များအတွင်း၌လည်း နေ့လယ်စာအတွက် စားသောက်ဖွယ်ရာများကို သတ်မှတ်ဈေး နှုန်းများအတိုင်း ဝယ်ယူစားသောက်နိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးများကို Social Distancing စနစ်နှင့်အညီ ဆောင်ရွက်သွားနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအတွက် လွှတ်တော်ရုံး ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများက အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေး ခြင်းလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အစည်းအဝေးခန်းမ ဝင်ပေါက်များတွင်လည်း လွှတ်တော်ကိုယ်စားလှယ်များ လက်မှတ်ထိုးမှတ်တမ်းတင်သည့်နေရာကို Social Distancing စနစ်နှင့်အညီထားရှိပြီး ကျန်းမာရေးအတွက် အသုံးပြုရန် လက်ဆေးရည်များကိုလည်း စီစဉ်ပေးထားကြောင်း သိရသည်။

အမျိုးသားလွှတ်တော်အနေဖြင့် ယခုအခါအစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ အဆို၊ မေးခွန်းများဆွေးနွေးမေးမြန်းရာတွင် ယခင်က အစည်းအဝေးခန်းမ နောက်တန်းများရှိ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် FM Mic အသုံးပြု ဆွေးနွေးခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါအခြေနေများကြောင့် ယခုအခါ လွှတ်တော် ကိုယ်စားလှယ်များ၏ ခုံနေရာများတွင် Mic များကို တပ်ဆင်ပေးထားကြောင်းသိရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မဲဆန္ဒနယ်အသီးသီးမှ   အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအတွက် သတင်းပို့လက်ခံရေးလုပ်ငန်းများကို ဇန်နဝါရီ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် အမျိုးသားလွှတ်တော်ရေးရာဆောင် အမှတ် ၁၉ တွင် သတင်းပို့လက်ခံခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယခုအခါ ပထမအကြိမ် ဆေးစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း-မျိုးမင်းနိုင်

ဓာတ်ပုံ-ဟိန်းမင်းစိုး