တတိယမြောက်အချမ်းသာဆုံးသော တေးသံရှင် ရီဟားနား

၁၉  မေ

ကျော်ကြားတဲ့ တေးသံရှင်တစ်ဦး ဖြစ်သူ ရီဟားနားဟာ ဆန်းဒေးတိုင်းက ထုတ်ပြန်ခဲ့တဲ့ အချမ်းသာဆုံးသော တေးဂီတပညာရှင်စာရင်းမှာ တတိယနေရာမှာ ရပ်တည်နေကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။

အသက် ၃၂ နှစ်အရွယ် ရီဟားနား ဟာ လက်ရှိမှာ ပေါင် ၄၆၈ သန်းခန့် ပိုင်ဆိုင်သူဖြစ်ပြီး သူ့ရဲ့ ကြွယ်ဝမှုတွေကို တေးဂီတလုပ်ငန်းတွေအပြင် သူထုတ်လုပ်တဲ့ ဖက်ရှင်နဲ့အလှပြင် ပစ္စည်းတွေကနေ ဝင်ငွေရရှိခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ဗြိတိန်မှာ အခြေချနေထိုင်နေတဲ့ ရီဟားနားဟာ ကျော်ကြားတဲ့ တေးသံရှင်တွေဖြစ်ကြတဲ့ မစ်ခ်ဂျက်ကာ၊ ကိတ်သ်ရစ်ချက်၊ အယ်လ်တန်ဂျွန်၊ ရော့ဒ်စတီးဝပ််တို့ကို ကျော်လွန်ကာ နိုင်ငံအတွင်း တတိယမြောက် အချမ်းသာဆုံးသော တေးဂီတပညာရှင်အဖြစ် ရပ်တည်နေတာလည်း ဖြစ်ပါတယ်။

တေးရေးတစ်ဦးဖြစ်သူ အန်ဒရူး အယ်လ်လွိုက်ဝက်ဘာနဲ့ ပေါလ်မက်ကာတို့က ဗြိတိန်ရဲ့ အချမ်းသာဆုံးသော တေးဂီတပညာရှင်ဇယားကို ထိပ်ဆုံးကနေ ဦးဆောင်နေပြီး သူတို့နှစ်ဦးဟာ ပေါင်သန်း ၈၀၀ ခန့် ပိုင်ဆိုင် ထားသူတွေဖြစ်ကြောင်းလည်း သိရပါ တယ်။ ရီဟားနားဟာ ကော်ဇောနီပေါ်လျှောက်လှမ်းရာမှာ သူ့ရဲ့ ပြင်ဆင်မှု တွေကြောင့် ဖက်ရှင်ကျတဲ့ ကြယ်ပွင့် တစ်ဦးအဖြစ်လည်း လူသိများပါတယ်။ ရီဟားနားရဲ့ အရောင်အသွေးစုံတဲ့ ပြင်ဆင်ပုံတွေကြောင့်လည်း အများနဲ့မတူ ထူးခြားသူတစ်ဦးအဖြစ် ဖက်ရှင်လောကမှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ကြယ်ပွင့်တစ်ဦးအဖြစ်လည်း ရပ်တည် နေတာပါ။ ဒါ့အပြင် သူဟာ အလွန်ကိုအောင်မြင်ခဲ့တဲ့ တေးအယ်လ်ဘမ် ရှစ်ခုကိုလည်း ထုတ်လွှင့်ခဲ့တဲ့ တေးသံ ရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

အခြားသော ဗြိတိန်တေးသံရှင် တစ်ဦးဖြစ်သူ အက်ဒ်ရှီရန်ဟာ အသက် ၃၀ အောက် သက်ငယ်ပိုင်း တေးသံရှင်တွေအနက် အချမ်းသာဆုံးအဖြစ် နံပါတ်တစ်နေရာမှာ ရပ်တည်နေပါတယ်။ ပေါ့ပ်ကြယ်ပွင့်ဟာ လက်ရှိမှာ ပေါင်သန်း ၂၀၀ ခန့် ပိုင်ဆိုင်မှု ရှိကြောင်းလည်း သိရပါတယ်။

အေးပြည့်