တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း Pre-Implementation Orientation for DRD Senior Officials အစည်းအဝေးကျင်းပ

နေပြည်တော် ၂၂ စက်တင်ဘာ

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)နှင့် ပူးပေါင်း၍ တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း (Resilient Community Development Project- RCDP) Pre-Implementation Orientation for DRD Senior Officials အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) Virtual Conference စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က 2017 Global Climate Risk Index အရ မြန်မာနိုင်ငံသည် ရာသီဥတုနှင့် သဘာဝဘေးဖြစ်နိုင်ချေ အများဆုံးရှိသည့် နိုင်ငံများစာရင်းတွင် ပါဝင်ပါကြောင်း၊ သဘာဝဘေးဖြစ်ပေါ်လာပါက ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများ၊ အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများ၊ ထိခိုက်လွယ်အုပ်စုများမှာ ပိုမိုထိခိုက်ခံစားရပါကြောင်း၊ အဆိုပါ ဘေးအန္တရာယ်များသည် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် စိန်ခေါ်မှု တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုစီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ် အကူအညီဖြင့် စီမံကိန်းရေးဆွဲခဲ့ပြီး လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်တော့မည် ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးမှ ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဖော်ထုတ်သတ်မှတ် အတည်ပြုသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်သူများမှ စီမံကိန်းရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဖော်ထုတ်သတ်မှတ်ပြီး အပြန်အလှန် ဆွေးနွေးအတည်ပြုခဲ့ကြသည်။

အဆိုပါ Virtual Conference စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အစည်းအဝေးကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ တာဝန်ရှိသူများ၊ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် တိုင်းဒေသကြီး/ ပြည်နယ် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့ ပူးပေါင်း၍ တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း (Resiliebt Community Development Project- RCDP)ကို ချင်းပြည်နယ်အတွင်းမှ မြို့နယ်(၄)မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မြို့နယ်(၄)မြို့နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ မြို့နယ်(၃)မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးမှ မြို့နယ်(၃)မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ မြို့နယ်(၃)မြို့နယ် စုစုပေါင်းမြို့နယ် ၁၇ မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အထိ စီမံကိန်းကာလ ၅ နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ညီညီသန်း (နေပြည်တော်)