ဦးဂါကျေးရွာတွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူတပ်မတော်သား ၃ ဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်

နေပြည်တော်   ၁၇    စက်တင်ဘာ

 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာတွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူ တပ်မတော်သား ၃ ဦးအား ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရသေ့တောင်မြို့နယ်အတွင်း လုံခြုံရေး တာဝန်ထမ်းဆောင်နေသော စစ်ကြောင်းတစ်ခုသည် ဇွန် ၃၀ ရက်တွင် ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာအနီး အခြေပြုရာမှ ဦးဂါကျေးရွာနေ ဒေါ်ဦးဌေးဝင်းအား စစ်သည် ၃ ဦးက သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေါ်ဦးဌေးဝင်းက  စစ်တွေမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း။

 

တပ်မတော်အနေဖြင့် တိုင်ကြားမှုနှင့်ပတ်သက်၍ ဖြစ်စဉ်မှန် ပေါ်ပေါက်စေရေး အတွက် စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် စစ်ဆင်ရေးတာဝန် ထမ်းဆောင်ရသည့် နယ်မြေဖြစ်ခြင်း၊ စစ်ဆေးရမည့် သံသယရှိသူများအနေဖြင့် လမ်းပန်းဆက်သွယ်မှု ခက်ခဲသည့်နေရာဒေသတွင် ရောက်ရှိနေခြင်း တို့ကြောင့် အချိန်အနည်းငယ် ကြန့်ကြာပြီးမှသာ စုံစမ်းစစ်ဆေးမှုများဆောင်ရွက်နိုင်ခဲ့ကြောင်း။

 

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း စစ်စည်းကမ်းဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့စည်း၍ သံသယရှိသူများအား နှစ်ဖက်သက်သေ များဖြင့် စနစ်တကျစစ်ဆေး ဖော်ထုတ်ခဲ့ရာ ပထမအကြိမ် စစ်မေးရာတွင် ပြစ်မှု ကျူးလွန်သူ ၃ ဦးမှာ ပြစ်မှုကျူးလွန်ခဲ့မှုမရှိ ကြောင်း လိမ်လည်ထွက်ဆိုသော်လည်း နှစ်ဖက်သက်သေထွက်ဆိုချက်များမှာ ကွဲလွဲမှုများပြားနေသဖြင့် စက်တင်ဘာ လဆန်း၌ ပိုမိုတိကျသည့်စစ်ဆေးချက်များနှင့် ဒုတိယအကြိမ် ထပ်မံစစ်ဆေးမှသာ အဆိုပါ ပြစ်မှု ကျူးလွန်သူ ၃ ဦးမှာ ပြစ်မှုကျူးလွန်သည်ဟု  ဝန်ခံထွက်ဆိုဖြောင့်ချက်ပေးခဲ့ကြောင်း။

 

သို့ဖြစ်၍ ပြစ်မှုကျူးလွန်သူ တပ်မတော်သား ၃ ဦးအား စစ်တရားရုံးဖွဲ့စည်း၍ ပွင့်လင်းမြင်သာစွာ စစ်ဆေးသွားမည်ဖြစ်ပြီး ဥပဒေနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူနိုင်ရေးနှင့် ကျန်တာ ဝန်ရှိသူများအားလည်း စစ်စည်းကမ်းအရအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း  ဖော်ပြထားသည်။

 

(သတင်းစဉ်)